ဂါဇာမှာ ဟားမတ်စ်တွေ ဖမ်းဆီးတာခံထားရတဲ့ အစ္စရေး ဓားစာခံတွေလွတ်မြောက်ရေး သဘောတူညီမှု ယူပေးဖို့နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို အကြီးဆုံးမြို့ တဲလ်အဗစ်နဲ့ နိုင်ငံတလွှားနေရာ ၅၀ လောက်မှာ ဧပြီ ၆ ရက်က ပြုလုပ်ခဲ့ပြီး လူ ၁ သိန်းလောက် တက်ရောက်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
မတ်လ ၇ ရက်နေ့ဆိုရင် အစ္စရေး-ဟားမတ်စ် စစ်ပွဲ ၆ လပြည့်ပြီဖြစ်ပေမဲ့ ဓားစာခံ ၁၃၀ လောက် မလွတ်မြောက်သေးသလို စစ်ပွဲကိုလည်း အဆုံးမသတ်နိုင်သေးပါဘူး။ ၇ ရက်နေ့မှာပဲ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမှာ ကိုယ်စားလှယ်တွေထပ်တွေ့ပြီး အပစ်ရပ်ရေးနဲ့ ဓားစာခံလဲလှယ်ရေး ထပ်ဆွေးနွေးကြပါတယ်။
အစ္စရေးစစ်တပ်က အီလက်ဒ် ကတ်ဇီးရား ဆိုသူ အစ္စရေးဓားစာခံတဦးရဲ့ အလောင်းပြန်ရကြောင်း ထုတ်ပြန်ခဲ့အပြီးမှာ ဆန္ဒပြပွဲတွေ ထပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြတဲ့သူတွေက “ရွေးကောက်ပွဲ အခုလုပ်ပေး”၊ “အီလက်ဒ် ရေ၊ ငါတို့ စိတ်မကောင်းပါဘူး” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ဓားစာခံတွေရဲ့ မိသားစုတွေ ပူးပေါင်းချီတက်ခဲ့ကြပါတယ်။
အစ္စရေးအစိုးရဟာ သတ္တိမရှိဘဲ နိုင်ငံရေးပဲ ကြည့်နေတဲ့အတွက် ဓားစာခံလဲလှယ်ရေး သဘောတူညီချက်မရဘဲ သူ့အစ်ကို မသေသင့်ဘဲ သေခဲ့ရတာလို့ ကက်ဇီးရားရဲ့ ညီမဖြစ်သူ ကာမစ်ကက်ဇီးရားက ဝေဖန်ပါတယ်။
တဲလ်အဗစ်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးထဲကို ကားတစင်း ဝင်တိုက်ခဲ့တဲ့အတွက် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
Source/Photo-Reuters