စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တို့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ပိတောက်ပင်ရွာကို မီးရှို့ခဲ့တယ်လို့ ကန်ဘလူဒေသခံတွေ ဆီကနေ သိရပါတယ်။
ကန့်ဘလူဒေသခံ စစ်တပ် ထောက်ခံသူ ဦးဝါသဝ ဦးစီးတဲ့ ပျူစောထီးတွေနဲ့ ခမရ ၃၆၁ တပ်က စစ်သားတွေက ရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရွာကို မီးရှို့တာကတော့ လုံးဝ မလုပ်သင့်ပါဘူးဗျာ။ ကျနော်တို့ ပြည်သူတွေက ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းကို မသိတော့ဘူး။ မနေ့က ရွာကိုမီးစရှို့တာက မနက်ခင်း ၉ နာရီကျော် စရှို့တာ။ ရွာမီးမရှို့ခင်တော့ နာရီဝက်လောက် နှစ်ဖက် ပစ်ခတ်မှုရှိတယ်။ အကျအဆုံးအထိအခိုက်တော့ ကျနော်တို့ မသိဘူးဗျ။ ရွာထဲကိုလည်း အခုထိမပြန်ရဲသေးဘူး။ အခုလို ရွာမီးရှို့ခံရတော့ ပထမဆုံးဒုက္ခကတော့ နေစရာအိမ် မရှိတော့ဘူး။ နောက်ဆက်တွဲ ဒုက္ခတွေကတော့ အများကြီးပေါ့ဗျာ။ အမြန်ဆုံး ဒီစနစ်ဆိုးကြီး အမြန်ပြီးစေချင်လှပါပြီ” လို့ ပြောပါတယ်။
ပိတောက်ပင်ရွာကို မီးရှို့တဲ့ စစ်ကြောင်းမှာ အင်အား ၁၃၀ လောက် ပါဝင်ပြီး မတ် ၃၀ရက်နေ့ကတည်းက ကန့်ဘလူနယ်အတွင်း ရက်ရှည်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
ကန့်ဘလူမြို့နယ် ပအဖတာဝန်ရှိသူတယောက်က “ရွာမီးရှို့တာလည်း ဟုတ်တယ်။ တိုက်ပွဲဖြစ်လည်း ရှို့တယ်။ တိုက်ပွဲမဖြစ်လည်း ရှို့တယ်။ မီးရှို့စစ်တပ်က သူ လုပ်စရာရှိတာ လုပ်တယ်။ ကိုယ့်ပြည်သူတွေကလည်း ကြံ့ကြံ့ခံကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတယ်ပေါ့။ သူတို့ကိုတော့ ပြည်သူက အယုံအကြည်ကို မရှိကြတော့ဘူး။ သူတို့ လာပြီဆိုတာနဲ့ ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်။ အခုလည်း ပေကုန်းရွာ၊ ဆားတွင်းကြီးရွာ၊ ပင်းတဲရွာ၊ ဟင်းဖြူတောရွာ၊ နဂါးပေါ်ရွာ၊ အုတ်ခင်းရွာ၊ ချပ်လယ်ရွာ၊ ပိတောက်ပင်ရွာ၊ ဇီးကုန်းရွာ၊ နှောကုန်းရွာနဲ့ကျေးတောရွာကပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်” လို့ ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၅ ရွာက ပြည်သူ ၂ သောင်းနီးပါး ရက်ရှည် စစ်ဘေးရှောင်နေကြရပြီး ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေသလို စစ်ဘေးရှောင်ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။