ဂါဇာက အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံကို အစ္စရေးက နောက်ဆုံးအကြိမ် ဝင်ရောက် စီးနင်းမှုနောက်ပိုင်းမှာ အခွံသာကျန်တော့ပြီး အပုပ်နံ့ဟောင်နေတဲ့ သင်္ချိုင်းကြီးပမာ ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
WHO ဝန်ထမ်းအချို့ဟာ ဧပြီ ၅ ရက်နေ့က ဆေးရုံဝင်းအတွင်း ဝင်ရောက်လေ့လာခွင့်ရခဲ့ပြီး ခြေတွေ လက်တွေ မြေကြီးပေါ်ကို ထိုးထွက်နေတဲ့ သေချာမမြှုပ်နှံထားတဲ့ လူသေအလောင်းတွေ၊ ပုပ်ပွနေတဲ့ အလောင်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
“လုံးဝကို ပျက်စီးသွားပါပြီ။ မိလ္လာနံ့နဲ့ အလောင်းပုပ်နံ့တွေချည်းပဲ” လို့ WHO ရဲ့ လေ့လာမှု အဖွဲ့ခေါင်းဆောင် ဒေါက်တာ အယာဒီလ် ဆာပါဘီကော့ဗ်က ပြောပါတယ်။
အစ္စရေးတပ်တွေဟာ အယ်လ်ရှီဖာဆေးရုံမှာ နှစ်ပတ်ကြာ စစ်ဆင်ရေးလုပ်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့က ပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်။
WHO က ဆေးရုံကို ဝင်စစ်ဆေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ သောကြာနေ့ကမှ ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံဝင်းကြီးတခုလုံး အကြီးအကျယ် ပျက်စီးသွားပြီး ဝင်စီးတဲ့အချိန်မှာ လူနာတွေဟာ အလွန်ဆိုးရွားတဲ့ အခြေအနေနဲ့ နေထိုင်ခဲ့ရပြီး အမြောက်အမြား သေဆုံးကုန်တယ်လို့ ဆိုပါတယ်။
ဆေးရုံမှာ လူနာတယောက်မှ မကျန်တော့သလို အရေးပေါ်ဌာနရှေ့နဲ့ အုပ်ချုပ်ရေးနဲ့ ခွဲစိတ်ဆောင်ရှေ့တွေမှာ လက်တွေ ခြေတွေ မြေပေါ်ထိုးထွက်နေတဲ့ အလောင်းတွေ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters