Home
နိုင်ငံတကာ
ရိုးလက်စ်နာရီအများစုမှာ ငှားဝတ်ခြင်းသာဖြစ်ဟု ပီရူးသမ္မတ ဖြေရှင်း
DVB
·
April 6, 2024

ရိုးလက်စ်နာရီအများအပြားနဲ့ ဒီဇိုင်နာဘရန်း လက်ဝတ်ရတနာတွေ ပိုင်ဆိုင်ထားတယ်ဆိုပြီး စွပ်စွဲခံရမှုနဲ့ ပတ်သက်ပြီး ပီရူးသမ္မတ ဒီနာဘိုလွာတေး ဧပြီ ၅ ရက်မှာ ထပ်မံဖြေရှင်းခဲ့ပြီး ရိုးလက်စ်နာရီတွေထဲမှာ တလုံးကလွဲပြီး ကျန်တဲ့နာရီတွေက ငှားဝတ်ထားတာသာဖြစ်တယ်လို့ ဖြေရှင်းသွားပါတယ်။ 

ဒီလိုငှားဝတ်တာဟာ မှားတယ်လို့တော့ ဝန်ခံသွားပါတယ်။ လက်ဝတ်ရတနာတွေကလည်း စျေးမကြီးတဲ့ ဘရန်းဖြစ်ပြီး လွန်ခဲ့တဲ့ ရှစ်နှစ် လောက်ကတည်းက ဝယ်ထားတဲ့ဟာတွေပါလို့ ဖြေရှင်းသွားပါတယ်။ 

အဂတိလိုက်စားမှုနဲ့ သံသယရှိတဲ့အတွက်  ရှေ့နေချုပ်ရုံးအမိန့်နဲ့ ရဲတပ်ဖွဲ့က သမ္မတ အိမ်နဲ့ ရုံးကို ဝင်စီးပြီး တပတ်အကြာမှာ အခုလိုဖြေရှင်းခဲ့တာဖြစ်ပါတယ်။ 

ဧပြီ ၅ ရက် အစောပိုင်းမှာ ဥပဒေအရာရှိတွေက ဒီနာဘိုလွာတေးကို ငါးနာရီနီးပါးလောက် စစ်မေးခဲ့ပြီး သူ့အစိုးရလစာနဲ့ ယှဉ်ရင် ကိုက်ညီမှုလုံးဝမရှိတဲ့ ရိုးလက်စ်နာရီတွေနဲ့ လက်ဝတ်ရတနာတွေ ဘယ်လိုရသလဲဆိုတာကို အဓိက စစ်မေးခဲ့ပါတယ်။ 

သမ္မတက သူနဲ့ မောင်နှမလိုခင်မင်တဲ့ အယူက အိုင်ယာကူချိုပြည်နယ်အုပ်ချုပ်ရေးမှူး ဝီးလ်ဖရက်ဒ် အော့စ်ကိုရီမာ ဆီကနေ ငှားဝတ်ခဲ့တာလို့ဆိုပါတယ်။ 

တိုင်းပြည်ကို ကိုယ်စားပြုတဲ့အခါ ဂုဏ်မငယ် စေချင်လို့ ဒီလိုဝတ်စားခဲ့တာဖြစ်ပြီး အဲဒီလို ငှားရမ်းခဲ့တာ မှားတယ်လို့ သမ္မတက ဆိုပါတယ်။ 

လက်ဝတ်ရတနာတွေကလည်း Unique ဆိုတဲ့ စျေးသိပ်မကြီးတဲ့ တံဆိပ်သာဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက သူဝယ်ထားတဲ့ဟာတွေဖြစ်တယ်ဆိုပြီး ရတနာထည့်တဲ့ ဗူးပါထုတ်ပြခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ လက်ဝဲယိမ်းအမတ်တွေက အဆိုတင် ခဲ့ပေမဲ့ ကွန်ဆာဗေးတစ်နဲ့ လက်ယာယိမ်းအမတ်တွေက သမ္မတဘက်ကနေပေးခဲ့လို့  အထ မမြောက်ခဲ့ပါဘူး။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013