အခုနှစ်သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပတ် ရထားပြေးဆွဲတာကို ယာယီရပ်နားထားမယ်လို့ မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းဌာနဆီက သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့)အထိ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲတာကို ယာယီရပ်နားထားမှာဖြစ်ပြီး ဧပြီ ၁၇ ရက် (နှစ်ဆန်းတရက်နေ့)မှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ ဘူတာကြီး တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သင်္ကြန်ကာလကတော့ နှစ်တိုင်းလိုပဲ ပုံမှန်ရပ်နားထားတာပါ။ နယ်ဝေးခရီးစဉ်တွေကတော့ ခရီးသည် အခြေအနေပေါ်မူတည်ပြီး ပြေးဆွဲပေးမှာပါ။ မြန်နှုန်းမြင့်အထူးရထားတွေလည်း ပြေးဆွဲပေးဖို့ စီစဉ်ထားတာရှိပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ် ခေါက်ရေ ၂၆ ခေါက်နှုန်း ပြေးဆွဲပေးနေပြီး ကိုဗစ်ကာလမတိုင်မီ မြို့ပတ်ရထားစီးနင်းသူအရေအတွက်ဟာ တရက်ကို ၈ သောင်း ဝန်းကျင်ရှိခဲ့ကြောင်းနဲ့ ကိုဗစ်နောက်ပိုင်း စီးနင်းသူလျော့ကျခဲ့ကြောင်း သိရပါတယ်။
မြို့ပတ်ရထားကို နေ့စဉ် စီးနင်းနေသူတယောက်က “မြို့ပတ်ရထားနဲ့ပဲ အလုပ်ဆင်းနေရတာ။ လိုင်းကားခတွေက အခုဆို ကားပေါ်တက်တာနဲ့ ၄၀၀ ပေးရတယ်။ မြို့ပတ်ရထားနဲ့သက်သာမလားလို့ ပြောင်းစီးခဲ့တာ အခု ၃၀၀ ဖြစ်သွားပြီ။ ဒီကြားထဲ မှောင်ခိုစျေးကွက်နဲ့ဆိုရင် ၆၀၀ ကနေ ၁,၀၀၀ ထိရှိနေတော့ မြို့ပတ်စီးတဲ့သူ နည်းလာတာပေါ့” လို့ ပြောပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် လုပ်ငန်းပြီးစီးသွားရင် မြန်နှုန်းမြင့်ရထားတွေ အသုံးပြုပြီး ရထားစီးခရီးသည် ၂၄၀,၀၀၀ လောက်ကို နေ့စဉ် သယ်ယူပို့ဆောင်ပေးနိုင်မယ်လို့ ရန်ကုန်ဘူတာကြီးရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။