Home
မြန်မာသတင်း
ဘူးသီးတောင် အခြေစိုက် ခမရ ၅၆၄ ကို AA သိမ်းပိုက်
DVB
·
April 6, 2024
bu 642024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် ခမရ ၅၆၄ တပ်ရင်းကို ၅ ရက်အကြာ ထိုးစစ်ဆင်အပြီး ဧပြီ ၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်က အခုသိမ်းပိုက်ရရှိတဲ့ ခမရ ၅၆၄ တပ်ရင်းကို ဧပြီ ၁ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကြည်းတပ်၊ လေတပ်တို့နဲ့ အပြင်းအထန် ခုခံခဲ့ပဲမယ့် ဗျူဟာမြောက် ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိဘဲ ၅ ရက်အကြာ ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီမှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ တပ်ရင်းမှာ စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်ရင်းတခုဖြစ်သလို စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော်အထိ သေဆုံးခဲ့ပြီး AA ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှု၊ ရင်းနှီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကလည်း ဘူးသီးတောင် အခြေစိုက် ခမရ ၅၅၂ တပ်ရင်းနဲ့ တောင်ဘဇာ တပ်စခန်းတွေကို AA က သိမ်းပိုက်ရရှိခဲ့ပြီး မောင်တော ကြိမ်ချောင်းတပ်စခန်း အပါအဝင် ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်သားတွေ စိတ်ပြိုလဲမှုဟာ နောက်ဆုံးအခြေအနေကို ရောက်ရှိနေပြီးတော့ တိုက်ခိုက်ရေးစွမ်းရည်အညံ့ဆုံးကို ရောက်ရှိနေပြီလို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

"တပ်ရင်းဌာနချုပ်တခုကို ၅ ရက်တည်းနဲ့ သိမ်းလို့ရတယ်ဆိုကတည်းက ရခိုင်မှာ လက်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စိတ်ဓာတ်လုံးဝပြိုလဲသွားပြီဆိုတာ ခန့်မှန်းလို့ရတယ်။ သူတို့မှာ တိုက်ခိုက်ရေး စွမ်းရည်လည်း အပြည့်အဝမရှိတော့ဘူး။ ဒီအချိန်မှာ AA ကတိုက်သမျှကို စစ်ကောင်စီက လက်လွှတ်ရမယ့် သဘောရှိတယ်။" 

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ရရှိထားတဲ့မြို့ ၁၀ အထိရှိပြီး စစ်ရေးပြင်ထန်နေတဲ့ မြို့နယ် ၄ ခုထက်မနည်းရှိနေပါတယ်။

ရက္ခိုင့်တပ်တော်ဖက်က သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ့်ဆိုသလို ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013