ချင်းပြည်နယ်က စစ်ကောင်စီစခန်းတွေဆီ ရိက္ခာပို့မယ့်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဧပြီ ၄ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရိက္ခာတင်ယာဉ် ၇ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ရဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကထွက်တဲ့ အဲဒီ ရိက္ခာယာဉ်တန်းမှာ ကားအစီးရေ ၁၀၀ ကျော်ပါပြီး စစ်အင်အား ၇၀၀ ကျော်ပါရှိကာ ကမ္မမြို့နဲ့ သားကြီးတောင် ရေနံမြေစခန်းကြားမှာ တိုက်ခိုက်ခဲ့တာလို့ စစ်ရေးတာဝန်ခံ ရဲဘော် အုပ်စိုးက ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ရိက္ခာယာဉ်တန်းပေါ်ကနေ ပစ်ချပြီးခဲ့တဲ့ ရိက္ခာ တချို့ကိုလည်း သိမ်းဆည်းရမိခဲ့သလို အဲဒီယာဉ်တန်းမှာပါတဲ့ ပြည်သူ့စစ်ရွာက လူ ၂ ဦးနဲ့ ပေါ်တာ ဆွဲခံထားရတဲ့ အရပ်သား ၂ ဦးကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပြီး မဟာမိတ်အဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေကတဆင့် စစ်ကောင်စီက စစ်အင်အားတိုးချဲ့တာတွေ၊ တပ်ရွှေ့ပြောင်းတာတွေ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေနဲ့သယ်ဆောင်တာတွေ ပြုလုပ်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က စတင်ပြီး အမ်း - ပဒါန်း ကားလမ်းကို ရက္ခိုင့်တပ်တော် အေအေက အကန့်သတ်မရှိ ပိတ်သိမ်းတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။