Home
မြန်မာသတင်း
သင်္ကန်းညီနောင်ဗျူဟာ ခမရ ၃၅၆၊ ၃၅၇ တိုက်ပွဲတွင် ဗျူဟာမှူးအပါ မိသားစုဝင် ၄၀၀ ကျော် လက်နက်ချ
DVB
·
April 6, 2024
434599567_1503751210485147_2967851056572159203_n

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ဗျူဟာ၊ ခမရ ၃၅၆ ၊ ခမရ ၃၅၇ တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း ဗျူဟာမှူးအပါအဝင် မိသားစုဝင် ၄၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။

ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီလောက်ကစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ အပြင်းအထန်ခုခံခဲ့ပေမဲ့ မွန်းလွဲ ၁ နာရီလောက်မှာ ဗျူဟာနဲ့ တပ်ရင်းတပ်စခန်းတွေကို အပြီးသပ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “အခုက အရင်ရထားတဲ့ ၃၅၅ ရယ်၊ ကျန်​နေတဲ့ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကို ရှင်းလိုက်တာပါ။ လက်နက်ချတာ​ရော မိသားစုပါအပါအဝင် ၄၀၀ ​ကျော်​လောက်ရှိတယ်။ မိသားစုက ၁၀၀ ​​ကျော်လောက်ပါတယ်။ အ​သေးစိတ်စာရင်း မလုပ်နိုင်​သေးဘူး။ လက်နက်ခဲယမ်းမီး​ကျောက်​တွေက​တော့ အများအပြား သိမ်းဆည်းရမိတယ်။ ခလရ ၂၇၅ ကို ကျ​နော်တို့ မတိုက်​သေးဘူး” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ်​ရေ ရာ​နဲ့ချီ လာရောက်ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။

“ Y12 ဆိုရင်ဗျာ တ​ခေါက်ပစ်ရင် ၁၀ လုံး​လောက်ပစ်တာ။ တကြိမ်လာရင် အလုံးရာချီပစ်တာ၊ Y12 ၃ ကြိမ်ဆို ဗုံးအလုံး ၃၀၀ ​လောက်ရှိတယ်။ Mi 35 ဆိုလည်း ပတ်ပြီး ကျည်မကုန်မချင်း ​ဆော်တာ၊ Jetfighter က​တော့ ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲပြီးရင် ပြန်တယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ​နီးပါးသေဆုံးပြီး ​ ၄၀ ​နီးပါးဒါဏ်ရာရရှိကာ KNLA ပူးပေါင်းစစ်ကြောင်းဘက်က ၅ ယောက် ကျဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကော့ကရိတ်မြို့တွင်းက ခလရ ၉၇ တောင်ပေါ်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013