Home
နိုင်ငံတကာ
သမီးငယ် ဖဲထောင်ထန်းဟာ ကစားပွဲကို ပြောင်းလဲနိုင်စွမ်းရှိသူဟု သက်ဆင်မှတ်ချက်ပေး
DVB
·
April 6, 2024
thai world 642024

လက်ရှိထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ “အကူးအပြောင်း” ကာလမှာ သင့်လျော်တဲ့ ခေါင်းဆောင် တယောက်ဖြစ်ပြီး သမီးငယ် ဖဲထောင်ထန်း ရှင်နာဝပ်ဟာ ပါတီကို ဦးဆောင်နိုင်စွမ်းရှိ သူဖြစ်သလို ကစားပွဲကို ပြောင်းလဲနိုင်စွမ်းရှိသူလို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မှတ်ချက်ပေးခဲ့ပါတယ်။  

“ဆေးထားက ပါတီတွေအများကြီးနဲ့ နိုင်ငံရေးအကူးအပြောင်းကာလမှာ နေရာမှန်လူမှန်လို့ ဆိုရမယ်၊.. သူ့အတွေ့အကြုံကြောင့် ကောင်းကောင်းကြီးလုပ်နိုင်ပါလိမ့်မယ်” လို့ မတ် ၅ ရက်မှာ ကျင်းပတဲ့ ဖေ့ထိုင်းပါတီရဲ့ နှစ်ပတ်လည်အစည်းအဝေးအတွက် ပေးပို့တဲ့ မိန့်ခွန်းမှာ ဖော်ပြ ထားပါတယ်။

“အုန်အင်းက အဖွဲ့ကို ဦးဆောင်ပြီး ကစားပွဲကို ပြောင်းလဲနိုင်သူပါ” လို့ သက်ဆင်က သမီးငယ် ဖဲထောင်ထန်းရဲ့ အိမ်ခေါ်နာမည်နဲ့ သုံးနှုန်းသွားပါတယ်။ 

“သူက သူ့အမေဆီက ကြံ့ခိုင်မှုနဲ့ ဇွဲကို အမွေရတာ၊ ဖော်ဖော်ရွေရွေရှိတာနဲ့ နိုင်ငံရေးသမား ဆန်တာက  ကျနော်ဆီကရတာ၊ ကျနော် လုပ်နိုင်ရင် သူလည်း လုပ်နိုင်မှာပဲ၊ သူ့မှာ ကျနော်နဲ့ သူ့အမေရဲ့ ဒီအင်န်အေပါတယ်။ ကျနော်ထက်တောင် ပိုကောင်းအောင်လုပ်နိုင်ပါလိမ့်မယ်” လို့ သက်ဆင်က မှတ်ချက်ပေးခဲ့ပါတယ်။ 

ပြည်ပမှာတိမ်းရှောင်နေရာကနေ ပြီးခဲ့တဲ့ ဩဂုတ်လက ပြန်လာခဲ့တဲ့ သက်ဆင်ဟာ အာဏာ အလွဲသုံးမှု၊ အကျိုးစီးပွားပဋိပက္ခစွဲချက်တွေနဲ့ ထောင် ၈ နှစ်ချခံခဲ့ရပါတယ်။ 

ဒါပေမဲ့ ဘုရင်က ၈ နှစ်ကို ၁ နှစ် အထိ လျှော့ပေးခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်အရ အဲဒီ ၁ နှစ်ကိုမှ ၆ လပဲ ကျခံခဲ့ရပါတယ်။ 

အဲဒီ ၆ လကိုလည်း ကျန်းမာရေးအကြောင်းပြချက်အရ ဆေးရုံမှာပဲနေခဲ့ရတာဖြစ်ပါတယ်။ 

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဘီလျံနာ သူဌေးကြီးရဲ့ အင်အားစုဟာ  ထိုင်းရတ်ထိုင်း၊ ပီပီပီ၊ ဖေ့ထိုင်း  ဆိုပြီး နာမည်အမျိုးမျိုးနဲ့  ၂၀၀၁ ကတည်းက ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ တကြိမ်သာ အရေးနိမ့်ခဲ့ဖူးပါတယ်။ 

၁၅ နှစ်ကြာပြည်ပကို တိမ်းရှောင်ခဲ့စဉ်ကတောင် သူ့အင်အားစုတွေက ပြည်တွင်းမှာ အောင်ပွဲ ခံနိုင်ခဲ့တာဖြစ်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013