အခုသီတင်းပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း အကူအညီ ပေးရေးလုပ်သား ၇ ဦး သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ပြီး နောက်မှာ ဆိုးရွားတဲ့ အမှားအယွင်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရတာကြောင့် တာဝန်ရှိသူ အရာရှိ ၂ ဦးကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အကြီးတန်းတပ်မှူးတွေ ကို တရားဝင်ပြစ်တင်ရှုတ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
အကူအညီပေးရေးယာဉ်တွေကို တိုက်ခိုက်တာဟာ ကြီးမားလွန်းတဲ့အမှားတစ်ခုဖြစ်ပြီး ဆိုးရွားတဲ့ လုပ်ငန်းဆောင်ရွက်မှု ချို့ယွင်းချက်တွေ၊ အမျိုးအစား ခွဲခြားရာမှာ မှားယွင်းသတ်မှတ်ခြင်း၊ ဆုံးဖြတ်ချက်မှားခြင်းနဲ့ စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖောက်ဖျက်ကျူးလွန်ဖြစ်တဲ့ တိုက်ခိုက်မှု အမှားအယွင်းတွေ ဖြစ်ခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပြောပါတယ်။
ဒီဖြစ်စဉ်အတွက် ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မဟာမှူးနဲ့ ဗိုလ်မှူးအဆင့်ရှိ တိုက်ခိုက်ရေး အကြံပေးအရာရှိတို့ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီးတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အပါအဝင် အကြီးတန်း အရာရှိတွေကို ပြစ်တင် ရှုတ်ချခဲ့တယ်လို့ ဟာဂါရီက ပြောပါတယ်။
အခု ရက်သတ္တပတ်အတွင်း ဗြိတိန်၊ သြစတြေးလျ၊ ပိုလန်၊ အမေရိကန်၊ ကနေဒါနဲ့ ပါလက်စတိုင်း တဦးတို့ ပါဝင်တဲ့ အကူအညီပေးရေး လုပ်သား ၇ ဦး သေဆုံးရမှုကြောင့် တကမ္ဘာလုံး ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဧပြီ ၁ ရက် ညနှောင်းပိုင်းက ကမ္ဘာ့စားဖိုဆောင် (WCK) အကူအညီပေးရေး အဖွဲ့ရဲ့ ယာဉ် ၃ စီးကို ဒရုန်းတွေ ထိမှန်ချိန်မှာ အစ္စရေးစစ်တပ်က သူတို့ဟာ ဟားမတ်စ် သေနတ်သမားတွေက တိုက်ခိုက်နေတယ်လို့ အထင်အမြင် လွဲမှားခဲ့တာဖြစ်ပြီးတော့ စံလုပ်ထုံးလုပ်နည်းတွေကို မလိုက်နာပဲ ချိုးဖောက်မိတာကို စစ်ဆေးတွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။
အပေါ့စားယာဉ်တွေ ခြံရံလိုက်ပါလာတဲ့ အကူအညီပေးရေး ယာဉ်တန်းမှာ ထရပ်ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ လက်နက်ကိုင် အမျိုးသား တဦးကို မြင်တွေ့ခဲ့ရပြီး တပ်မှူးတွေဟာ အဲဒီယာဉ်တွေကို WCK ပိုင်အဖြစ် မသတ်မှတ်ထားကြောင်း စစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ အမှောင်ထဲမှာ ယာဉ်ခေါင်မိုးပေါ်ရှိ WCK လိုဂို အမှတ်တံဆိပ်တွေကို မမြင်နိုင်ခဲ့တာကြောင့်လည်း ဒီကားတွေကို ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ခဲ့ တယ်လို့ မှားယွင်းယူဆမိခဲ့တာ ဖြစ်ကြောင်း စုံစမ်းရေးကို ဦးဆောင်သူ IDF အချက်အလက် ရှာဖွေခြင်းနဲ့ အကဲဖြတ်ခြင်း အဖွဲ့ အကြီးအကဲ ယိုအာ့ဗ် ဟာ-အီဗန် က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ စံနှုန်း စစ်ဆင်ရေး လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
Source/Photo - Reuters