မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ဧပြီ ၅ ရက် မနေ့ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရဲမှူးအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ Wundwin Township Revolution Force – WTRF ဆီက သိရပါတယ်။
မနေ့ည ၇ နာရီဝန်းကျင်က ပင်းတလဲ-ဝမ်းတွင်းကားလမ်းပေါ်မှာ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းကျော်သူ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်သူအားလုံး သေဆုံးသွားတယ်လို့ WTRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“ဝမ်းတွင်းမြို့ဘက်ကို ပြန်မောင်းလာတဲ့ ဝမ်းတွင်းမြို့နယ်ရဲမှူး ဝင်းကျော်သူ အပါအဝင် ၄ ယောက် စီးလာတဲ့ကားကို ပင်းတလဲ-ဝမ်းတွင်း ကားလမ်းပေါ်က နတ်နန်းရွာနဲ့ ထနောင်းကုန်းရွာကြားမှာ ကျနော်တို့အဖွဲ့ကရဲဘော်တွေ မိုင်းဆွဲလိုက်ကြတာပါ။ သူတို့စီးလာတဲ့ ကားရော ကားပေါ်ပါလာသူတွေရော တစ်စစီလွင့်စင်ကုန်တာပဲ။ ကားပေါ်က ၄ ယောက်လုံး ပွဲချင်းပြီး သေကုန်ကြတယ်။ စကစဘက်တော်သားတွေ အနှေးနဲ့အမြန် ပြည်သူ့ကျိန်စာခံစားကြရတာပါ” လို့ ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေ ဝဲပျံနေပေမဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ WTRF က တော်လှန်ရေးရဲဘော်တွေကတော့ အန္တရာယ်ကင်းရှင်းခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။