Home
မြန်မာသတင်း
ပုလဲမြို့နယ်ပညာရေးမှူးရုံးကို BNRA ဝင်ရောက်စီးနင်းပြီး CDM လုပ်ရန် အသိပေး
DVB
·
April 6, 2024
rebel 642024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပညာရေးမှူးရုံးကို ဧပြီ ၅ ရက်နေ့က ဗမာ့အမျိုးသား တော်လှန်ရေး တပ်မတော် BNRA အဖွဲ့ သခင်ဒေါင်းညိုတပ်ရင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြို့နယ်ပညာရေးမှူးရုံးဟာ ပုလဲမြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ပုလဲ‌‌မြို့မရဲစခန်းနဲ့ ပေ ၈၀၀၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ပေ ၁၅၀၀ လောက်ပဲ ဝေးတယ်လို့ သိရပါတယ်။

တပ်ရင်းတာဝန်ရှိသူ သခင်ဒေါင်းညိုက “ကျနော်တို့ စစ်ကောင်စီ လက်အောက်က ပညာရေးဝန်ထမ်း တွေကို CDM လုပ်ဖို့ အကြိမ်ကြိမ်သတိပေးတားမြစ် အသိပေးလုပ်ခဲ့တယ်။ ဒါပေမဲ့ အသိပေးတားမြစ်တာကို မလိုက်နာလို့ မနေ့က ဝင်ရောက်ထိမ်းသိမ်းတာတွေ လုပ်ခဲ့တယ်။ ရုံးထဲမှာရှိတဲ့ ဝန်ထမ်းတွေကိုတော့ စစ်ကောင်စီလက်အောက်မှာ အလုပ်ထပ်မလုပ်ဖို့ အသိပညာပေးပြီး ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း မပြုဘဲ ပြန်လွှတ်ပေးခဲ့တယ်ဗျ။ ရုံးထဲမှာရှိတဲ့ ရေးစာအုပ်၊ ဖတ်စာအုပ်နဲ့ စာရေးကိရိယာမျိုးစုံကို သိမ်းဆည်းရခဲ့တယ်ဗျ။ သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းအားလုံးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG စာသင်ကျောင်းတွေကို ပြန်လည်လှူဒါန်းသွားမယ်” လို့ ပြောပါတယ်။

အခုလို ပုလဲမြို့နယ် ပညာရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က ထိမ်းသိမ်းတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပုလဲမြို့နယ်ပညာရေးရုံးကို ဝင်ရောက်စီးနင်းတုန်းမှာ ပုလဲမြို့ပေါ်ရဲစခန်းနဲ့ ထွေအုပ်ရုံး စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုလဲမြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့ပေါင်းစုံတို့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေတာကြောင့် မြို့ပေါ်နေပြည်သူတွေဟာ မြို့ကိုစွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013