Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင် လူငယ်များအတွက် သက်မွေးပညာ သင်ကြားပေး
DVB
·
April 6, 2024
faru 642024

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်သူတွေအများစုနေထိုင်ကြတဲ့ နေရာတခုမှာ  လူငယ်တွေအတွက် အသက်မွေးမှုအတတ်ပညာကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ 

ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်သူတွေ အများစုနေထိုင်ကြတဲ့ နေရာတခုမှာ  အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် နွေဦးဂုရုလေးများ ပညာရေးကျောင်းကနေ အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ကရင်နီပြည်နယ်ထဲမှာ တပြည်နယ်လုံးအတိုင်းအတာအတာနဲ့ စစ်ဖြစ်ပွားနေတဲ့အတွက် လူငယ်တွေအနေနဲ့ ပညာသင်ယူခွင့်တွေ၊ အသက်မွေး၀မ်းကျောင်းပညာရပ်တွေ သင်ယူခွင့်မရတဲ့ လိုအပ်ချက်တွေကို မြေပြင်မှာမှတ်တမ်းတွေလိုက်ယူရင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကြောင့် ကျောင်းကို အကောင်အထည်ဖို့ ကြိုးစားခဲ့တာလို့ ကျောင်းတည်ထောင်ခဲ့သူ ကျောင်းအုပ် မခင်စန္ဒာညွန့်က DVB ကို ပြောပါတယ်။

ကျောင်းကို ၂၀၂၂ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်က စတင်တည်ထောင်ခဲ့ပြီး ဆယ်ကျဲဖူးလို့ခေါ်တဲ့ လူငယ်ပညာရေးအစီအစဉ် ၃ လသင်တန်းအနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်ထဲမှာတော့ အပတ်စဉ် ၄ ခုအထိ ပြီးမြောက်ခဲ့ကာ ၂၀၂၃ ကနေစတင်ပြီး လူငယ်အသက်မွေး၀မ်းကျောင်းပညာရေးသင်တန်းကို တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ စျေးရောင်းချသူအဖြစ် အသက်မွေး၀မ်းကျောင်းပြုခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ရင်းကနေ စစ်ဘေးရှောင်ကလေးတွေကို မိခင်ဘာသာရပ် ကရင်နီစာပေကို သင်ကြားပေးခဲ့တယ်လို့ အသက်မွေးမှုအတတ်ပညာကျောင်းမှာ ကရင်နီစာပေသင်ကြားရေး ဆရာမအဖြစ် ပါ၀င်ပေးခဲ့တဲ့ ဆရာမ မော်စေးမိုးက ပြောပါတယ်။

လက်ရှိ နွေဦးဂုရုလေးများပညာရေးကျောင်းမှာ အသက်မွေး၀မ်းကျောင်းအတတ်ပညာတွေကို သင်ယူလိုစိတ်ရှိသူ အသက် ၁၅ နှစ်ကနေ ၂၂ နှစ်၀န်းကျင်ရှိတဲ့ ပညာသင်ယူခွင့်မရသူ စစ်ဘေးရှောင်တွေကို ဦးစားပေးခေါ်ယူတယ်လို့ သိရပါတယ်။

ကျောင်းကို သင်ကြားရေးဆရာမ ၁၉ ယောက်နဲ့လည်ပတ်နေပြီး ကွန်ပျူတာ၊ အထွေထွေဗဟုသုတ၊ စက်ပြင်၊ ချည်ထိုး၊ စက်ချုပ်၊ ရိုးရာရက်ကန်းနဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို သင်ကြားပေးနေကာ ပုံမှန်အလှူရှင်မရှိပေမဲ့ တလကို ကုန်ကျစရိတ် သိန်း ၅၀ ၀န်းကျင်ရှိတယ်လို့ ကျောင်းအုပ်က ပြောပါတယ်။

စစ်ဘေးရှောင်နေရင်း ကျောင်းဆရာဖြစ်ချင်တာကြောင့် နွေဦးကျောင်းမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ နိုင်ငံရေးအသိပညာတွေကို လေ့လာဆည်းပူးနေတာလို့ ကျောင်းသားတယောက်က ပြောပါတယ်။

နွေဦးကျောင်းမှာ ဒီပလိုမာသင်တန်းကိုလည်း အပတ်စဉ် ၁ ဖွင့်လှစ်ထားပြီး ၂၀၂၄ ဇွန်လထဲမှာ ဒီပလိုမာတန်းအတွက် သင်တန်းသားတွေ ထပ်မံခေါ်ယူသွားမှာဖြစ်ပြီး အထက်တန်းအဆင့်ရှိသူ၊ ကျောင်း၀င်ခွင့်စာမေးပွဲ အမှတ်ပြည့်မီသူတွေကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခု မေ ၂၁ ရက်ကစတင်ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံတွေအနေနဲ့စစ်ဘေးရှောင်ရတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်​ကြောင်းတွေ ဒရုန်း၊ လေယာဉ်အသုံးပြုပြီး ဗုံးကြဲချတိုက်ခိုက်တာတွေကြောင့် ပညာသင်ယူခွင့်မရတဲ့ ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ 

လင်းအိမ် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013