Home
မြန်မာသတင်း
ဒဏ်ရာရ စစ်ကောင်စီတပ်သားများ သေချာဆေးကုသခွင့်မရဘဲ ဆက်တိုက်နေရ
DVB
·
April 6, 2024
Tat 642024

နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူတွေ များပြားနေသလို ဒဏ်ရာရ စစ်သားတွေအပါအဝင် စစ်မှုထမ်းဟောင်းတွေဟာ သေချာ ဆေးကုသခွင့် မရကြတဲ့အပြင် ရှေ့တန်းမှာ ဆက်တိုက်နေကြရတဲ့သူတွေလည်း ရှိတယ်လို့ စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း စတဲ့ပြည်နယ်နဲ့တိုင်းတို့မှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီ ဗျူဟာ၊ တပ်ရင်းတွေအပါအဝင်၊ စခန်းကြီးငယ်တွေကို သိမ်းပိုက်နေတာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားနေတာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်နယ်ဘက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုမှာလည်း တပ်ရင်းတခုက လက်မှာဒဏ်ရာရတဲ့ စစ်သားတယောက်ဟာ ဆေးကုသခွင့်မရဘဲ ဆက်တိုက်နေရတယ်လို့ ညီမဖြစ်သူက ပြောပါတယ်။

“ရှေ့တန်းမှာ လက်ကို သေနတ်မှန်တယ်၊ ဆေးရုံလည်း တက်ခွင့်မပေးဘူး၊ ရှေ့တန်းမှာပဲ တိုက်နေရတယ်။ ရှေ့တန်းမှာ တိုက်ရင်းနဲ့ သူ့တပ်ရင်းကို ဝင်ပစ်ခံရတော့ တပ်ရင်းလည်း ပြန်လို့မရဘဲ တောထဲမှာ အစာငတ်ရေငတ်ဖြစ်နေကြတယ် တပ်ရင်းတရင်းလုံး၊ တပ်ရင်းကိုလည်း ပြန်ဝင်လို့မရသေးဘူး။”

စစ်မှုထမ်းဟောင်းတယောက်က “မနေ့ကပဲ ကျနော်တို့ဆီက စစ်မှုထမ်းဟောင်း အရာခံဗိုလ်တယောက် ဆေးရုံက ဆင်းလာတယ်၊ နေပြည်တော်ကုတင် ၁၀၀၀ ကလေ။ ဟိုမှာဘယ်လိုမှ နေရတာ အဆင်မပြေဘူး၊ လူနာတွေအရမ်းများပြီး တော်ရုံ သက်သာလို့ရှိရင် ဆေးရုံက ပြန်ဆင်းခိုင်းလိုက်တယ်တဲ့၊ အနာကျက်အောင် မထားတော့ဘူးပေါ့။ မသေတော့ဘူး၊ စိုးရိမ်စရာမရှိတော့ဘူးဆိုရင် ဆေးရုံကနေ အားချင်း ဆင်းခိုင်းလိုက်တယ်တဲ့ ကုတင်တွေက ပြည့်နေတော့” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဆေးရုံ အဝင်အထွက်ကိုလည်း တင်းကျပ်ထားပြီး တိုင်းမှူးတို့၊ ဗိုလ်မှူးတို့မပါရင် ဒဏ်ရာရသူကလွဲရင် စစ်မှုထမ်းဟောင်းတွေကို ဝင်ခွင့်မပေးဘူးလို့ သူက ဆက်ပြောပါတယ်။

“စစ်မှုထမ်းဟောင်းတွေ ဒဏ်ရာရတဲ့သူမှအပ တိုင်းမှူးတို့၊ ဗိုလ်မှူးတို့မပါလို့ရှိရင် စစ်ဆေးရုံထဲ ပေးမဝင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက် မသင်္ကာတာတွေ ဖြစ်နေတာပေါ့။ ကျနော်တို့ စစ်မှုထမ်းဟောင်း အတော်များများက အရပ်ဘက်မှာ ထွက်တာများသွားတယ်လေ။ အရပ်ဘက်မှာ နေခဲ့တာများတော့ သူတို့ သိပ်ပြီးတော့ အပြည့်အဝ မယုံတဲ့သဘောပေါ့။ အခုက ကျနော်ကိုယ်တိုင်အပါအဝင် ခြေတုတွေဘာတွေ လဲဖို့လူတွေဆိုလည်း ခါတိုင်း ကုတင် ခြင်ထောင် မွေ့ရာနဲ့ သေချာထားပေးတယ်၊ အခုက အဲလိုလူတွေကို ပေးမတက်တော့ဘူး။ အခုက ခြေတုတွေဘာတွေလည်း လုပ်မပေးတော့ဘူး၊ လုပ်မပေးဘဲနဲ့ ခြေဖဝါးတို့ဘာတို့ပျက်ရင် လာပြီ အပေါက်ဝမှာတင် အားချင်းလုပ်လိုက်ပြီးတော့ တနာရီ၊ နှစ်နာရီအတွင်း ပြန်လွှတ်လိုက်တာ။ အခုက အဲလိုတွေဖြစ်နေတာ။”

ဒဏ်ရာရ စစ်သားတွေကို စစ်ဆေးရုံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က လာရောက်ကြည့်ရှုတာတွေကို စစ်တပ်အာဘော် မြဝတီအပါအဝင် သတင်းစာတွေမှာ ဖော်ပြနေတာဟာလည်း ဟန်ပြသက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ရင်း တပ်ဖွဲ့တွေက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေကို လစာအပြည့်အဝ မပေးနိုင်တာကြောင့် နောက်တန်းမှာ ကျန်တဲ့ မိသားစုတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြတယ်လို့ ဒဏ်ရာရ တပ်ကြပ်ကြီးတယောက်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“နှစ်သိမ်းခွဲရတဲ့သူက လောလောဆယ် တသိန်းပဲ ထုတ်ပေးတယ် ရှေ့တန်းမှာ။ သုံးသိန်းခွဲရတဲ့သူက တသိန်းခွဲပဲ ထုတ်ပေးတယ်။ မိသားစုနောက်ပိုင်းက ထုတ်မယ်ဆိုရင်လည်း ဘယ်သူမှ လက်မခံဘူး။ အဲတော့ လစာအခုပေးနေတာ သူတို့ တဝက်နှုန်းပဲ ပေးနေတာ။  တပ်ကြပ်ကြီး တယောက်ဆိုရင် နောက်ပိုင်း ဘာတွေ ဖြစ်ကုန်လဲဆိုတော့ ကလေးတွေလည်း ကျောင်းဆက်မတက်နိုင်တော့ဘူး။ မိန်မက တပ်ရင်းမှာ ပိုက်ဆံလေးသွားတောင်းတယ်၊ အဲလို တောင်းလို့ရရင် သူတို့လည်း လိုက်တယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ ငါးသောင်းတော့ ပေးလိုက်တယ် နောက်နောင်လည်း မလာနဲ့ဆိုပြီး ပြောလွှတ်လိုက်တယ်တဲ့။” 

စစ်ကောင်စီ တပ်သားတွေဟာ တပ်တွင်းမှာ လစာအပြည့်အဝ မရတဲ့အပြင် လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲတွေနဲ့ တိုက်ပွဲတွေမှာ သေဆုံး ဒဏ်ရာရသူတွေ များလာသလို တပ်ရင်းအလိုက် လက်နက်ချတာနဲ့ ပြည်သူနဲ့အတူ CDM လုပ် အလင်းဝင်သွားသူတွေလည်း များလာနေတာပါ။ 

ဒါ့ကြောင့် စစ်ကေင်စီက စစ်မှုထမ်းဟောင်းတွေကို ပြန်ပြီး စစ်မှုထမ်းခိုင်းနေသလို နိုင်ငံတဝန်းမှာလည်း အဓမ္မစစ်သားစုဆောင်းတာနဲ့ စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013