ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား အပါအဝင် အကျဥ်းသား ၁၁ ဦးကို ဧပြီ ၅ ရက်က အင်းစိန်အကျဥ်းထောင်နဲ့ သာယာဝတီအကျဥ်းထောင်ကို ရွှေ့ပြောင်းမယ်ဆိုပြီး အကျဥ်းဦးစီး ဝန်ထမ်းတွေ၊ စစ်တပ်နဲ့ ရဲတို့က ခေါ်ထုတ်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်မှာ အကျဥ်းဦးစီးဝန်ထမ်းက အကျဥ်းသားတဦးကို အကြောင်းပြချက်မရှိ ရိုက်နှက်ရာကနေ ပြန်လည်ပြောဆိုရာမှာ ထောင်ဖောက်ဖို့ ကြံစည်တယ်လို့ စွပ်စွဲပြီး စစ်တပ်ကို လိမ်လည်ခေါ်ကာ ရိုက်နှက်နှိပ်စက်မှုတွေကို ပူးပေါင်း ပြုလုပ်ခဲ့တာကြောင့် အကျဥ်းသား အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထောင်ပြောင်းရွှေ့တဲ့အထဲ အဓိကရုဏ်းဖြစ်စဥ်မှာ ပါဝင်တဲ့ နိုင်ငံရေးအကျဥ်းသား အပါအဝင် အကျဥ်းသား ၁၁ ဦးကို ရွှေ့သွားတာလို့ သိရပါတယ်။
“လက်ရှိ နာမည်စာရင်းအရတော့ နိုင်ငံရေးအကျဥ်းသားလေးဦး အနည်းဆုံး ပါဝင်တယ်ပေါ့နော်။ အင်းစိန်ကို ငါးဦးပြောင်းပြီး သာယာဝတီကို ခြောက်ဦးပြောင်းမယ်လို့ ကနဦး သိထားတယ်။ အဓိကတော့ ဒီလူငယ်တွေကို ဒီထောင်မှာ ဆက်ထားနေရင် ပြဿနာရှိနိုင်တယ်။ မိသားစုနဲ့ အဝေးဆုံးကို ပို့လိုက်ရင် ငြိမ်ကျသွားလိမ့်မယ်ဆိုတဲ့ မှန်းဆချက်တွေနဲ့ ထောင်ပြောင်းလိုက်တာ ဖြစ်ပါတယ်။”
ထောင်ရွှေ့ပြောင်းခံရတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်၊ ကိုဝေယံဦးတို့ ပါဝင်ပြီး မတ် ၃၁ ရက် ဖြစ်စဥ်ကြောင့် ထောင်ဒဏ် ခြောက်လစီ ထပ်တိုးချမှတ်ခံထားရတယ်လို့ သိရပါတယ်။
ထောင်ပြောင်းရွှေ့မှု ပြုလုပ်နေချိန်မှာ အကျဥ်းသားတွေက အရင်က ရိုက်နှက် နှိပ်စက်ခံထားရမှုတွေကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်မိထားတာတွေ ရှိနေပြီး နောက်ထောင်တခုကို ရောက်ချိန် အကျဥ်းသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်း ဦးချိုးတဲ့အနေနဲ့ ရိုက်နှက်ခံရမှာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က နိုင်ငံရေးအကျဥ်းသားတွေအပေါ်မှာ ထောင်တွင်း အကြမ်းဖက်မှု ပြုလုပ်တာတွေ၊ ဆေးဝါးတင်သွင်းခွင့် ပိတ်တာတွေ၊ ဧည့်တွေ့ခွင့် ပိတ်တာတွေ၊ အရေးပေါ် ဆေးဝါးကုသခွင့် မပြုတာတွေကို အကျဥ်းထောင်တွေအလိုက် ပြုလုပ်ကြပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မခံယူရတာကြောင့် အချိန်မတိုင်မီ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ခုနှစ်ဦးထိရှိတယ်လို့ သိရပါတယ်။