Home
နိုင်ငံတကာ
ချစ်ပ်စျေးနှုန်း မြင့်တက်သဖြင့် ဆမ်ဆောင်း ပထမသုံးလပတ်အမြတ်ငွေ ၁၀ ဆတက်
DVB
·
April 5, 2024

တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) စျေးနှုန်းတွေ ပြန်တက်လာတာကြောင့် ဆမ်ဆောင်းကုမ္ပဏီရဲ့ ပထမသုံးလပတ် လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းဟာ ၁၀ ဆကျော် မြင့်တက်လာတယ်လို့ ကုမ္ပဏီရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချစ်ပ်ပြားဝယ်လိုအား ထိုးကျခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ အလားတူ သုံးလပတ်ကာလနဲ့ယှဉ်ရင်  ဒီနှစ်မှာ ၁၀ ဆကျော် တက်လာတာဖြစ်ပါတယ်။

ကမ္ဘာမှာ အကြီးဆုံး မမ်မိုရီချစ်ပ်ပြား ထုတ်လုပ်သူနဲ့ တီဗွီထုတ်လုပ်သူဖြစ်တဲ့ ဆမ်ဆောင်းဟာ မတ် ၃၁ ရက်မှာ အဆုံးသတ်တဲ့ ပထမသုံးလပတ်မှာ ၆ ဒသမ ၆ ထရီလီယံဝမ် (အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံ) အထိ  လုပ်ငန်းလည်ပတ်မှု အမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၂၂ တတိယသုံးလပတ် အမြတ်ငွေနောက်ပိုင်း အမြင့်ဆုံး ကာလတိုအမြတ်ပမာဏ ဖြစ်ခဲ့ပါတယ်။

တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုမှာ ရှေ့ဆောင်နိုင်ငံတခုဖြစ်တဲ့ ထိုင်ဝမ်မှာ ငလျင်ကြီး လှုပ်ခတ်သွားတာကြောင့် မမ်မိုရီချစ်ပ်ပြား စျေးကွက်မှာ ထုတ်လုပ်မှု ထိခိုက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒါဟာ ဆမ်ဆောင်းနဲ့ တခြား ချစ်ပ်ပြားထုတ်လုပ်သူတွေအတွက် စျေးမြှင့်ဖို့ အခွင့်ကောင်း ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဆမ်ဆောင်းရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းကလည်း ဇန်နဝါရီလအတွင်း Galaxy S24 စတင်မိတ်ဆက်မှုနဲ့အတူ အသားတင်အမြတ် ရခဲ့ပါတယ်။

အခုနှစ် ပထမသုံးလပတ်အတွင်း ဆမ်ဆောင်းစမတ်ဖုန်း ၅၇ သန်းအထိ ဖြန့်ဖြူးခဲ့တယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့နှစ် နောက်ဆုံးသုံးလပတ်ထက် ၈ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013