Home
နိုင်ငံတကာ
ယီမင်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် ဗြိတိန် လေကြောင်းတိုက်ခိုက်၊ ၃၇ ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရ
DVB
·
April 5, 2024
yemin 542024

အမေရိကန်နဲ့ ဗြိတိန်တို့က ယီမင်ရှိ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ၄၂၄ ကြိမ် ပြုလုပ်ခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ယီမင်နိုင်ငံမှ အီရန်မဟာမိတ် ဟူသီလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အဗ္ဗဒူလ် မာလိခ် အယ်လ်ဟူသီက ဧပြီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

အယ်လ်ဟူသီက“အစ္စရေးရန်သူကို ထောက်ခံပြီးတော့ ဂါဇာကမ်းမြောင်မှာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ အမေရိကန်-ဗြိတိန်တို့ရဲ့ ရန်လိုမှုဟာ ဆက်လက်ဖြစ်ပွားနေပြီး သူတို့ဟာ ဒုံးကျည်တပ်ဖွဲ့တွေ၊ ဒရုန်းတွေ၊ ရေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုနဲ့ ရေတပ်က ဗုံးကြဲမှုတွေက ၄၂၄ ကြိမ်ဖြစ်ပြီး အချိန်က ၃ လလောက်တောင် ရှိနေပြီ” လို့ ရုပ်မြင်သံကြားမိန့်ခွန်း ပြောပါတယ်။

ဒီစစ်ဆင်ရေးအတွင်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အာဇာနည် ၃၇ ဦးနဲ့ ဒဏ်ရာရသူ ၃၀ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟူသီတွေဘက်ကလည်း လွန်ခဲ့တဲ့လ တလတည်းအတွင်းမှာပဲ စုစုပေါင်း ဒုံးကျည် ၁၂၅ စင်း၊ ခရုဇ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေပါဝင်တဲ့ စစ်ဆင်ရေး ၃၄ ကြိမ် ဆောင်ရွက်ခဲ့ကြောင်းနဲ့  သူတို့ဟာ ပင်လယ်နီမှာ သင်္ဘောအစင်း ၉၀ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး မောင်းသူမဲ့ ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်ခဲ့ကာ နောက်ထပ်ဒေသတွေဆီ တိုးချဲ့ခဲ့ကြောင်းလည်း အယ်လ်ဟူသီက ဆိုပါတယ်။

သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်နဲ့ ဗြိတိန်တို့က အပြည့်အဝ မစွမ်းဆောင်နိုင်ဘူး ဆိုတာလည်း အသိအမှတ် ပြုထားတယ်လို့ ဆိုပါတယ်။

ယီမင်ရဲ့မြို့တော်နဲ့ လူဦးရေ အထူထပ်ဆုံးနေရာတွေကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေကြား စစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်ကနေ စည်းလုံးမှုပြသတဲ့ အနေနဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီအတွင်း နိုင်ငံတကာသင်္ဘောတွေကို တိုက်ခိုက်ခဲ့တာ ကြောင့် အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ဖေဖော်ဝါရီလကတည်းက လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောတွေကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ကုမ္ပဏီတွေဟာ လမ်းကြောင်းပိုရှည်ပြီး စရိတ်ပိုများတဲ့ အာဖရိကတောင်ဘက်စွန်းတဝိုက်ကနေ လမ်းကြောင်းပြောင်း သွားလာခဲ့ရပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ရေကြောင်းသွားလာရေး လမ်းကြောင်းပေါ်က ဟူသီပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013