မကွေးတိုင်း၊ မကွေးမြို့၊ ပုထိုးရွာမှာ ဧပြီ ၄ ရက် ည ၈ နာရီလောက်က လူနေအိမ်လေးလုံးနဲ့ နွားတင်းကုတ်တခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မကွေးမြို့နယ်မီးသတ်က ပြောပါတယ်။
မီးလောင်မှုဟာ နေအိမ်တလုံးမှာ ထင်းမီးနဲ့ ထမင်းချက်ရာက ဘေးအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မကွေးမြို့နယ်မီးသတ် တာဝန်ရှိသူက “ထင်းမီးဖိုကနေ ထမင်းချက်ပြုတ်ရာကနေ မီးဖိုနံရံကို ကူးစက်လောင်တာပါ။ လူနေအိမ်လေးလုံးနဲ့ နွားတင်းကုတ် တန်ဖိုးအတွက်က ၉၅၀,၀၀၀ ပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေပတ်လည် သွပ်မိုးထရံကာ တထပ်အိမ်လေးလုံးနဲ့ မြေစိုက်နွားတင်းကုတ်တလုံး ပျက်စီးသွားပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မီးလောင်မှုနေရာကို မကွေးမြို့နယ်မီးသတ်က မီးသတ်ယာဉ်ငါးစီး၊ အရပ်ဘက်အသင်းတွေက ရေသယ်ယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ည ၈ နာရီ ၃၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။