တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ နန္မသွန်ဒေသ၊ ပါကလပ်နယ်မြေရှိ ဝိုင်ဒင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေး မဟာမိတ်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူနေအိမ် ခုနှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ဧပြီ ၃ ရက်က အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေး မဟာမိတ် စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီ၊ နေ့လယ် ၁ နာရီနဲ့ ညနေ ၄ နာရီတို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများခဲ့ပြီး သေဆုံးသူ အလောင်းတွေကို လာသယ်ထုတ်ခဲ့ကြကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦးက “စစ်သားတွေ အလောင်းတွေ လာသယ်ထုတ်တယ်။ လူနာတွေ သယ်ဆောင်တာ တွေ့ရတယ်တဲ့။ လက်နက်ကြီးတွေလည်း အချက် ၂၀ ကျော် ၃၀ လောက်ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ပြန်ဆုတ်ခွာပြီးနောက် ဝိုင်ဒင်းရွာဘက်ကို လက်နက်ကြီးနဲ့ အချက် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိုင်ဒင်းရွာက နေအိမ်ခြောက်လုံးနဲ့ ဥယျာဥ်ခြံထဲက နေအိမ်တလုံး လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုရှိမရှိတော့ မသိရသေးကြောင်း ပြောပါတယ်။
“ရွာမှာ လူတွေက မရှိတော့ဘူး။ ထိုင်းနယ်စပ်ဘက်ကို အရင်တိုက်ပွဲတည်းက ထွက်ပြေးသွားကြတာ။ ရွာသားစစ်စစ်တောင် သိပ်မရှိတော့ဘူး၊ အနည်းအကျဥ်းပဲကျန်ပြီ။”
အဆိုပါနေ့မတိုင်ခင် ဧပြီ ၂ ရက် မနက် ၈ နာရီလောက်က အေးမြသာယာရွာနဲ့ ဝိုင်ဒင်းရွာကြား ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ အချင်းချင်းကြား ကင်းအချိန်းအပြောင်းမှာ မှားယွင်းပစ်ခတ်ခဲ့တာကြောင့် ပျူစောထီးနှစ်ဦး ဒဏ်ရာရကာ စစ်သားလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
အဆိုပါနေ့ ထိတွေ့တိုက်ပွဲမှာ ကော့သောင်းပကဖ၊ ဘုတ်ပြင်းပကဖနဲ့ KTLA ကော်သူလေးအာမီ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဟာမိတ်စစ်ကြောင်း (ငါးမန်းစစ်ကြောင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အဲဒီမဟာမိတ်တပ်ဖွဲ့သုံးဖွဲ့ စုစည်းကာ စစ်ကြောင်း ၁ ကော့သောင်းနယ်မြေနဲ့ စစ်ကြောင်း ၂ ဘုတ်ပြင်းနယ်မြေဆိုပြီး စစ်ရေးအခင်းအကျင်းတခု တည်ဆောက်ထားကြောင်းနဲ့ စစ်ရေးအခင်းအကျင်းအရ လှုပ်ရှားနယ်မြေသတ်မှတ်မှုမှာ ပါဝင်တဲ့ နယ်မြေအသီးသီးမှာ စစ်ရေးတိုးမြှင့်သွားမှာဖြစ်ကြောင်း ငါးမန်းစစ်ကြောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ကြေညာထားပါတယ်။