ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ပြန်ပြီးပစ္စည်းယူတဲ့ ဒေသခံတွေကို ပအိုဝ်းပြည်သူ့စ် (PNA) အဖွဲ့က ထောက်ခံစာယူခိုင်းပြီး တစောင်ကို ၅ ထောင်ကျပ် ကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီ ၃ ရက်ကစပြီး ထောက်ခံစာကို ဆိုက်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ ဝင်ယူရပြီး ကားနံပါတ်၊ ကားဆရာအမည်၊ ကား ပေါ်လိုက်ပါမယ့်လူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို ဖြည့်သွင်းခိုင်းတယ်လို့ သိရပါတယ်။
“ထောက်ခံစာမပါရင် မြို့ထဲပေးမဝင်ဘူး၊ ဆိုက်ခေါင်မှာဝင်ယူရတယ်၊ ပြန်တဲ့လူတအားများလို့ ထောက်ခံစာကိုလည်း တန်းစီယူခဲ့ရတယ်။ ပြီးတော့ မြို့ထဲရောက်တော့မယ့် ဝါးခရာဘုန်းကြီးကျောင်းမှာလည်း ထပ်စစ်သေးတယ်၊ အဲ့မှာကျတော့ ယာဉ်ဝင်ကြေး တစီး ၅ ထောင်ထပ်ကောက်တယ်။ ယူလာတဲ့ထောက်ခံစာရယ်၊ လူတွေရယ်ကို စစ်နေတာ အကြာကြီးပဲ၊ ခံနေတာ အဲ့အဝင်နားမှာ မနည်းဘူး။ ပြန်တဲ့သူကအရမ်းများတယ်၊ တရက်ကို အစီး ၁၀၀ ကျော်ဝင်တယ်၊ နေ့တိုင်း ထပ်ဝင်နေတုန်းပဲ” လို့ နေအိမ်ပြန်တဲ့ မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
ဆီဆိုင်မြို့တွင်းမှာ စစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နေပြီလို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ လုပ်ဆောင်တာမရှိဘဲ နေအိမ်ပြန်ကြည့်တဲ့လူတွေကို အတင်းအကျပ်စစ်ဆေးတာပဲ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဧပြီ ၁ ရက်ကစပြီး ဆီဆိုင်မြို့ထဲကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာဖြစ်ပြီး ပစ္စည်းတွေကို သယ်ထုတ်ခွင့်ပေးတဲ့အတွက် ပြည်သူအများအပြား နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
အသက် ၂၀ ကျော်အရွယ် ဆီဆိုင်မြို့ခံတယောက်က “စစ်ရှောင်နေပါတယ်ဆို ဟိုကောက်ဒီကောက် နဲ့ ရပေါက်လိုက်ရှာနေတာ။ မြို့ထဲကိုရောက်တော့လည်း ကိုယ့်အိမ်ဖြစ်ပျက်သွားတဲ့ပုံကို သူတို့က ဓာတ်ပုံပေး မရိုက်ဘူး၊ ဓတ်ပုံရိုက်တာတွေ့ရင် ဖုန်းသိမ်းပစ်တယ်၊ တချို့ဆို ဖုန်းရိုက်ခွဲခံရတယ်။ ဓာတ်ပုံမရိုက်နဲ့၊ ခေါင်းကို ပစ်ထည့်လိုက်ရမလားဆိုပြီး သေနတ်နဲ့ချိန်ပြီးတော့ဆဲတာ၊ လူတွေလည်း လန့်ဖျပ်ပြီး ဘယ်သူမှမရိုက်ရဲတော့ဘူး” လို့ ပြောပါတယ်။
ဆီဆိုင်မြို့က မီးမလောင်တဲ့နေအိမ်နဲ့ လက်နက်ကြီးထိထားတဲ့အိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းအားလုံးလိုက်ခိုးနေတဲ့ သူခိုး ရှစ်ယောက်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဖမ်းမိထားပြီး အဲ့အထဲမှာ ပအိုဝ်းပြည်သူ့စစ် (PNA) ဗိုလ်တဦး ပါဝင်တယ်လို့ သိရပါတယ်။