မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဧပြီ ၄ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်တောလှန်ရေး အင်အားစု(KRF) အဖွဲ့ကပြောပါတယ်။
စစ်ကောင်စီအင်အား ၃၀ ခန့်ရှိတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဧပြီ ၄ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ရာ ဂိတ်ခေါင်မိုးတည့်တည့်ပေါ်ကျရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီက ဘန်ကာတွေအခိုင်အမာနဲ့ စစ်အင်အားတိုးချဲ့ကာ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေ အတင်းအကျပ် လုပ်ဆောင်နေတဲ့အတွက် တိုက်ခိုက်ခဲ့ရတာလို့ KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"စစ်အင်အားတိုးပြီးစစ်ဆေးနေလို့ အစ်ကိုတို့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုကတော့ မသိရသေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကစုံစမ်းလို့ မရအောင်ကို လုပ်ထားတယ်။ သူတို့ဘက်က ပြန်လည် ပစ်ခတ်တာတွေတော့ မလုပ်ဘဲ ကားနှစ်စီးနဲ့ မောင်းထွက်သွားတယ်။ စစ်ဆေးရေးဂိတ်ကိုမဖျက်ဘဲ ဆက်ပြီးအင်အားတိုးချဲ့နေမယ်ဆိုရင် ပိုပြင်းတာတွေနဲ့ တိုက်ခိုက်သွားမှာပါ။"
မုပ္ပလင်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအထိ နာရီဝက်ကြာ လမ်းပိတ်ဆို့မှုဖြစ်သွားခဲ့ပြီး စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့ ကျိုက်ထိုမြို့ခံ တယောက်က ပြောပါတယ်။
တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
မုပ္ပလင်လမ်းစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။