“သင်္ကြန်ဆိုတာ ရေပက်တာထက် ပိုလေးနက်တယ်။ မိသားစု လက်ဆုံစားကြတဲ့ ထမင်းဝိုင်း” ပဲလို့ ဆိုလိုက်တဲ့ ဘကြီးရဲ့အသံကြောင့် ကျနော် နင့်ခနဲ ဖြစ်ရတယ်။
လေလှိုင်းကြားက ဖြတ်စီးလာတဲ့ ဘကြီးရဲ့အသံဟာ သင်္ကြန်ကို မေ့ချင်ယောင်ဆောင်နေတဲ့ ကျနော့်အတွက် အိပ်ချင်ယောင်ဆောင်နေတုန်း ရုတ်တရက် ဆောင့်နှိုးခံလိုက်ရသလို အငိုက်မိ။ မေ့ချင်ပေမဲ့ မေ့လို့မရတဲ့ သင်္ကြန်။
ဒီအချိန်ဆို တချိန်က ရန်ကုန်မြို့ပေါ်မှာ သင်္ကြန်သီချင်းသံတွေ ဟိုတစ ဒီတစနဲ့ လှလို့နေပြီ။ သင်္ကြန်သီချင်းသံကို ကြားတိုင်း အပူသည်းလွန်းတဲ့ ရန်ကုန်မြို့ရဲ့ ကွန်ကရစ်လမ်းသားပေါ်မှာ ကျနော့်စိတ်တွေဟာ လူငယ်လေးတယောက်လို အလိုလို ခုန်ပေါက်လာမြဲ။ သင်္ကြန်ဆို ဇာတိမပြန်ရရင် လူ့ဘဝ အရသာဟာ ပေါ့ရွှတ်သွားသလိုမျိုးမို့ သင်္ကြန်ဆို ဇာတိမြေ ပြန်ရမှ။ သင်္ကြန်ဆို ဇာတိမြေ ပြန်မယ်ဆိုပြီး ကျနော် စတင်ရင်ခုန်မိနေတာ သင်္ကြန်သီချင်းတွေ စတင်ကြားရတဲ့ မတ်လလယ်ကတည်းက။
ဇာတိမြေကို မျက်ရည်စက်လက်နဲ့ စွန့်ခွာ၊ ၈ တန်းနှစ် ရန်ကုန်ရောက်ကတည်းက နွေကျောင်းပိတ်ပြီဆို အဘွားနဲ့ ဆွေမျိုးတို့ရှိရာ ဇာတိမြေဆီ ပြန်မယ်ဆိုတဲ့စိတ်က ထိန်းမနိုင် သိမ်းမရ။ အလုပ်လေး အကိုင်လေး ရပြီးတဲ့နောက်လည်း သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ ဇာတိမြေသို့ ပြန်တယ်ဆိုတာ ကျနော့်အတွက်တော့ အင်မတန် ကြီးလေးလွန်းလှ စိတ်ခံစားမှု တာဝန်တရပ်။
ဘာနဲ့ပြန်မလဲ မမေးနဲ့။ နံပါတ်တစ် ဦးစားပေးက အင်မတန်စုတ်ချာပေမဲ့ ကျနော်ကြွေရတဲ့ ရထားပါပဲ။ မှတ်မိသေးတယ်။ ဟိုး… ငယ်စဉ် ချာတိတ်ဘဝ သင်္ကြန်နားနီး ရထားလက်မှတ်တစောင် ရဖို့ဆိုတာ ညသန်းခေါင်ယံလောက်ကစ ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းဌာနဆီ သွားတန်းစီရ။ တညလုံး ဆောင့်ကြောင့်ထိုင် အိပ်စောင့်လိုက်၊ တိုးဝှေ့ရမ်းကား ကြားဖြတ်တိုးလာသူနဲ့ ရန်ဖြစ်သံ ဆူညံညံကို နာခံရ။ ကိုယ့်အလှည့် ရောက်ခါနီးကျမှ ထိုင်ခုံလက်မှတ် ကုန်သွားတဲ့အခါ ခြေကုန်လက်ပန်းကျရ။ ထိုင်ခုံလက်မှတ်လေးများရရင် ကံကောင်းလို့ အောင်ဘာလေထီ အမြင့်ဆုံးဆု ပေါက်သလိုမျိုးမို့ လက်သီးလက်မောင်းတန်း ဝမ်းသာကြရ။ ထိုင်ခုံလက်မှတ် မရတော့လည်း ဘယ်တတ်နိုင်မှာလဲ၊ ထိုင်ခုံမဲ့ လက်မှတ်ပဲယူ၊ ရထားပေါ်က လူသွားလမ်းပေါ်မှာ ကိုယ်လိုသူလို ထိုင်ခုံမဲ့ခရီးသည်တွေ တိုးတိုးဝှေ့ဝှေ့နဲ့ တရက်တာ ငရဲကျရပေမဲ့ ဇာတိမြေသို့ ရောက်တော့မယ် ဆိုတဲ့အတွေးက သိပ်ဝင်းပလွန်းနေတော့ အဲဒီငရဲမှာ ပျော်ပျော်ပါးပါး။
ရထားပြီးတော့ သင်္ဘောနှစ်ဆင့်။ ညနေမှာထွက်မယ့် သင်္ဘောကို မမီရင် တညအိပ်ရမှာမို့ ရထားပေါ်ကဆင်းတာနဲ့ သင်္ဘောဆိပ်ဆီ အပြေးအလွှား။ ကိုယ်လို ပြေးပြေးလွှားလွှား ခရီးသည်တွေက မနည်းတာမို့ ဘယ်သူ့ကိုမှ အားမနာနိုင်၊ ထိမိတိုက်မိတာ မှန်သမျှကို ကန်တော့ဆိုတဲ့စကား လက်ကိုင်ထားကာ ပြေးပြေးလွှားလွှား။ ကိုယ့်ဇာတိဆီပြန်မယ့် သင်္ဘောပေါ်ရောက်မှ ဇောသန်ထားသမျှ သက်ပြင်းကို ဟင်းခနဲ ချလိုက်ရ။
သင်္ဘောပေါ် ထိုင်စရာ ထိုင်ခုံလေးတလုံးရှာ၊ အထုပ်အပိုးတွေကို နေရာချပြီးပြီ ဆိုရင်တော့ ကျနော်တို့ ဇာတိလက်ရာ ပဲပြားအစာသွပ် မှာစားလိုက်ရတဲ့ အရသာနဲ့ ကိုယ့်ခံတွင်းကိုယ် စနှိုးလိုက်မြဲ။ ရန်ကုန်မှာရောင်းတဲ့ ပဲပြားအစာသွပ်နဲ့လည်း မတူတဲ့အရသာ၊ အဲဒီ ပဲပြားအစာသွပ်လေး စားရင်း ဟိုးပျပျမှာ မှိုင်းညှို့နေတဲ့ ဇာတိမြေကို ငေးရတဲ့ အရသာဟာ ကလပ်ထဲရောက်သွားတဲ့ ဆယ်ကျော်သက်လေးရဲ့ စိတ်ခုန်နှုန်းတွေလို ပြိုးပြိုးပြက်ပြက်။
သင်္ဘောပေါ်မှာ ဆွေမျိုးတွေ၊ အသိအကျွမ်းတွေ၊ ငယ်သူငယ်ချင်းတွေနဲ့ တွေ့မိပြီဆိုရင်တော့ ဘယ်ပြောကောင်းမလဲ။ ရေပက်မဝင် အလုအယက် ပြောဆို မေးမြန်းနေကြတာမှ နောက်ထပ် စကားမပြောရတော့မယ့်ပုံမျိုး။
သေချာတာက သင်္ကြန်မကျခင် ၂ ရက်လောက်အလို ဇာတိအပြန် ရထားပေါ်မှာ ကိုယ်လို အဝေးရောက် ဇာတိသားတွေကို တွေ့မြဲ။ သင်္ဘောပေါ်ရောက်ပြီဆိုရင်လည်း တအုံးအုံးနဲ့ တွေ့ရမြဲ။ ကျနော်တို့ အဝေးရောက် ဇာတိသားတွေအားလုံး အဲဒီသင်္ဘောပေါ်မှာ တဖျပ်ဖျပ်လူးနေတဲ့ တိုက်ငါးလေးတွေပမာ။
သင်္ဘောပေါ်ကနေဆင်းတော့ ကိုယ့်ဇာတိမြေသားပေါ် နင်းလိုက်မိတဲ့ ခြေဖဝါးဟာ ရန်ကုန်မှာ လေးပင်ခဲ့သမျှ လေပေါ်ဖြတ်လျှောက်နေရသလို ဖွဖွလေး မွမွလေး။ ငယ်ငယ်တုန်းကတော့ အဘွားမျက်နှာကို မြင်ချင်လွန်းလို့ ၁၀ မိနစ်ပင်မကြာ၊ အိမ်ရောက်မယ့် ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ပလက်ကားပေါ် မြန်မြန်တက်။ နည်းနည်းကြီးလာတော့ ဇာတိရောက်မှသာ စီးရတဲ့ မြင်းလှည်းပေါ်သာ တက်ကာ ကားလမ်းနှစ်ဖက် တောက်လျှောက် စီတန်းစိုက်ထားတဲ့ ထန်းပင်တွေကို အရသာခံ၊ မြို့အဝင်လမ်းမှာ မြင်းခွာသံစီးချက်နဲ့ စစ်မြေပြင်ကနေ အောင်ပွဲခံ ပြန်လာတဲ့ စစ်သူကြီးတဦးပမာ ကိုယ့်ဘဝကိုယ် ကျေနပ်စွာ။
အိမ်အဝင်လမ်းမကြီးထိပ်အရောက် ကား သို့မဟုတ် မြင်းလှည်းပေါ်ကနေ ဆင်းလိုက်တာနဲ့ တယောက်တပေါက် အော်ဟစ်ကြိုနေကြတဲ့ ကျနော်တို့ ရပ်ဆွေရပ်မျိုးတွေရဲ့ အဆင့်ဆင့်သော အသံတွေကြောင့် အဘွားနဲ့ ဘကြီးတို့က အိမ်ရှေ့ကနေ ပြုံးပြုံးကြီး ကြိုကာ လှလို့။ နှစ်များစွာကြာ နှစ်စဉ်မပျက်။
ငယ်ငယ်တုန်းက နိုင်ငံရေးအကျဉ်းသားဘဝ နှစ်နှစ်တာ။ အသက် ၄၀ ဝန်းကျင်ကာလ နိုင်ငံရပ်ခြားရောက် နှစ်နှစ်တာ ဇာတိသင်္ကြန်ကို နေမထိထိုင်မသာ ဝေးဝေးက လှမ်းငေးခဲ့ရတာကလွဲလို့ သင်္ကြန်ဆို အကြောင်းပြချက်မရှိ ပြန်ခဲ့မိတာချည်း။ အဆင်မပြေတဲ့နှစ်တွေမှာလည်း ခြိုးခြိုးခြံခြံ၊ အဆင်ပြေတဲ့နှစ်တွေကျတော့လည်း သုံးဟယ် စွဲဟယ်နဲ့ သင်္ကြန်ဆို ပြန်။
အခုတော့ ၅ နှစ်၊ ကိုဗစ်ပြီးတော့ အစွယ်ကျိုးနေတဲ့ စစ်အာဏာရှင်တို့ မာန်ဖီနေတဲ့နေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်ပြေးဘဝ။ သင်္ကြန်ဆို ဇာတိကို လွမ်းလွန်းလို့ မျက်စိကို စုံမှိတ်ထားလိုက်ရ။ သင်္ကြန်ဆို အဝေးရောက် ဆွေတွေမျိုးတွေကို ပြုံးပြုံးကြီးမျှော်၊ ပျော်နေတဲ့ ဘကြီးလည်း သင်္ကြန်ဆို တခေတ်တခါကို လွမ်းမောရုံကလွဲ ဘာမှမတတ်သာ။
“ဒီနှစ်သင်္ကြန်ကတော့ ပိုဆိုးသွားပြီ ငါ့တူကြီးရေ” တဲ့။ ဘကြီးရဲ့အသံဟာ ဆွေးဆွေးမြည့်မြည့် ထိလိုက်တာနဲ့ ပြတ်ထွက်သွားမယ့် ကြိုးတချောင်းပမာ။
ကျနော့်လို အဝေးရောက် ပြန်လို့မရသူတွေကလွဲလို့ ကျနော်တို့ အမျိုးအဆွေတွေ မအောင်မြင်တဲ့ အာဏာသိမ်းကာလ၊ မအောင်မြင်တဲ့ စီးပွားရေးတွေနဲ့ ချာလပတ်ယမ်းနေပေမဲ့ မနေနိုင်တော့လည်း ကိုဗစ်အလွန်မှာ ဇာတိသင်္ကြန် ပြန်။ ဒါပေမဲ့ သေနတ်ကိုင်သူက ကိုင်၊ ကလောင်ကိုင် ပြည်ပြေးဖြစ်သူက ဖြစ်၊ ထောင်ထဲရောက်သူက ရောက်နဲ့ ကျနော်တို့ ဆွေမျိုးတွေ လက်ဆုံစားနေကျ သင်္ကြန်ကာလ ထမင်းဝိုင်းဟာ မြန်မာနိုင်ငံအရပ်ရပ်က မိသားစုတွေလိုပဲ ဘယ်လူစုံတော့မလဲ။ သင်္ကြန်ထမင်း အေးအေးလေးဟာလည်း ရင်ထဲရောက်သွားတော့ ဘယ်အေးနိုင်ရှာတော့မလဲ။
ပိုဆိုးတဲ့ ဒီနှစ်ကျတော့ သင်္ကြန်နားနီးမှာ မွန်နဲ့ ကရင်နယ်စပ်က ပြည်သူတွေ မျက်ရည်စက်လက်နဲ့ ကျနော်တို့ ဇာတိမြေဆီ စစ်လာရှောင်ကြတာမှ လူဦးရေ ၁,၅၀၀ ကျော်တဲ့။ သူတို့နေအိမ်များစွာဟာ သူရဲဘောကြောင်တဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရစရာမကျန်အောင် ပျက်လို့။ အနီးအနား ပြေးလွှား ပုန်းခိုစရာ နေရာတွေက မလုံခြုံတော့ ဝေးဝေးလံလံ အားကိုးတကြီးနဲ့ ကျနော်တို့မြို့ငယ်ဆီ ပြေးခိုလာကြရ။ ပြဿနာက သူတို့ ဘယ်အချိန်ကျမှ သူတို့ဇာတိမြေဆီ ပြန်ရောက်မှာလဲ ဆိုတာပဲလို့ ဘကြီးက ဆိုတယ်။
“သင်္ကြန်ဆိုတာ ဘကြီးတို့ မွန်တွေအတွက်တော့ မိသားစု ပြန်လည်ဆုံစည်းတဲ့ နေ့တွေလေ။ အခုကျတော့ မိသားစုတွေ တကွဲတပြားနဲ့ ပိုလို့တောင် ဝေးသွားကြရုံတင်မကဘူး။ ပြန်စရာ အိမ်မရှိတော့တဲ့ အိုးပျောက် အိမ်ပျောက် ဘဝတွေအထိ ရင်ဆိုင်ကြရတယ်” လို့ ဘကြီးက ပြောတယ်။
အဓမ္မစစ်မှုထမ်းဥပဒေက မြန်မာနိုင်ငံအနှံ့က လူငယ်များစွာကို အိမ်ကနေ ဝေးမြေတွေဆီ ဆွဲထုတ်၊ သင်္ကြန်မှာ အိမ်ပြန်ချင်ကြတဲ့ လူငယ်တို့ဟာလည်း စစ်တပ်ထဲ မောင်းသွင်းနေတဲ့ အဲဒီ ဥပဒေကြောင့်ပဲ အိမ်ပြန်ဖို့ ခက်။
“အရင်တုန်းက သားတို့လောက်သာ အိမ်မပြန်နိုင်ကြတာ။ အခုကတော့ သူတို့ကို မတော်လှန်တဲ့ မြေးတွေလည်း အဝေးမှာ။ ဘယ်လူငယ်မှလည်း သင်္ကြန်မှာ ကိုယ့်ဇာတိမြေ ကိုယ် ပြန်မနင်းနိုင်ကြတော့ဘူး” လို့ ဘကြီးက ဆက်ပြောတယ်။
မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို စိတ်ကြိုက်ခြေမွနေတယ်။ မင်းအောင်လှိုင်ဟာ လူငယ်မျိုးဆက် တခုလုံးကို အငြိုးတကြီးနဲ့ ဖျက်ဆီးနေတယ်။ မင်းအောင်လှိုင်ဟာ မစားရတဲ့အမဲ သဲနဲ့ပက် ယဉ်ကျေးမှုကိုပါမချန် ဖျက်ဆီးနေတယ်။ မင်းအောင်လှိုင်ဟာ သင်္ကြန်ကိုလည်းဖျက်၊ မိသားစုဘဝတွေလည်း ဖျက်၊ အရာအားလုံးကို လက်စားချေ ဖျက်ဆီးလို့။ မရမှာ သေချာနေပြီဖြစ်တဲ့ အာဏာအတွက် အလုံးစုံပျက်သုဉ်းရေးဆီ သရဲစီးနေသူပမာ။
ဒီတော်လှန်ရေးကြီး ပြီးမှသာ ကျနော်တို့ အိမ်ပြန်ကြရမှာ။ ဒီတော်လှန်ရေးကြီး ပြီးမှသာ သင်္ကြန်မှာ ဇာတိမြေပြန် မိသားစုလက်ဆုံစားပွဲ မိသားစုကိုယ်စီ ကျင်းပခွင့်ရမယ် မဟုတ်လား။ ဒီတော်လှန်ရေးကြီးဟာ ကျနော်တို့အားလုံးရဲ့ ဘဝ။ ကိုယ်တနိုင် သူတလုတ် ကိုယ်နိုင်ရာ ဝန်ထမ်းလို့ ဒီတော်လှန်ရေးမှာ ထည့်ဝင်ခြင်းဟာ ကျနော်တို့ ဘဝများကိုယ်စီနဲ့ တိုက်ရိုက်ပတ်သက်နေပြီ မဟုတ်လား။
ထွန်းလင်း