မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အောင်ကျော်မိုး ခရီးသည်တင်ယာဉ် မိုင်းဆွဲခံရပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခံရလို့ ယာဉ်နောက်လိုက် သေဆုံးခဲ့ကာ ခရီးသည် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ယာဥ်လိုင်းနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ဧပြီ ၄ ရက် ည ၉ နာရီကျော်လောက်မှာ ရွှေရောင်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၁/၁ နဲ့ ၁၃၁/၂ အကြားမှာ သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာတဲ့ အောင်ကျော်မိုးခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ယာဥ်လိုင်းနဲ့နီးစပ်တဲ့သူက ပြောပါတယ်။
လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဇင်ကိုလတ်မှာ လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားကာ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေရောင်ပြဒေသခံတဦးက"မိုင်းဆွဲခံရပြီး သေနတ်နဲ့ ဝိုင်းပြစ်တာ။ ယာဉ်နောက်လိုက်ကတော့ လည်ပင်းထိတဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီးသေသွားတယ်။ ကျန်တာက အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရတဲ့အခြေအနေမရှိပါဘူး" လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကို နောင်ဘိုလူမှုကူညီကယ်ဆယ်ရေး အသင်းပိုင်ယာဉ်နဲ့ သထုံမြို့နယ်ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီကတဆင့် ဒဏ်ရာရရှိသူ လေးဦးကို သထုံ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။
ခရီးသည်တင်ကား ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေပါ ထုတ်ပြန်ထားတာ မရှိတဲ့အတွက် ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
အောင်ကျော်မိုးခရီးသည်တင်ကားဟာ ၂၀၂၃ နိုဝင်ဘာ ၁ ရက်ကလည်း ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မိုင်းဆွဲခံခဲ့ရတာကြောင့် ခရီးသည် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ် ၂၇ ရက် ညကလည်း ဘီးလင်းမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ အကြင်နာတွဲလက် လူနာတင်ကားမိုင်းဆွဲခံရပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းနဲ့ လူနာတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးခြံစည်းရုံးမှာ ဧပြီ ၄ ရက်မနက် ၈ နာရီအချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒေသခံတဦးက “အုပ်ချုပ်ရေးမှူးရုံးရဲ့ ပြတင်းပေါက်တွေ ပျက်စီးနေတာမျိုးတွေ့ရတယ်။ အနီးအနားမှာ လူမရှိတော့ လူထိခိုက်မှုမရှိခဲ့ဘူး”လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးခဲ့တဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း လုံခြုံရေးတင်းကျပ်လိုက်တာပါ။