Home
နိုင်ငံတကာ
ဂါဇာဆိုင်ရာ အမေရိကန်မူဝါဒ အစ္စရေးလုပ်ဆောင်မှုအပေါ် မူတည်
DVB
·
April 5, 2024
Blinken_05042024

ဂါဇာကမ်းမြောင်ဆိုင်ရာ ဝါရှင်တန်ရဲ့ မူဝါဒဟာ ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်း စာနာထောက်ထားမှု အခြေအနေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဘေးကင်းရေးကို တိုးတက်အောင် လုပ်ဆောင်မယ့် အစ္စရေးရဲ့ လက်ငင်းလုပ်ဆောင်မှုအပေါ် မူတည်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဧပြီ ၄ ရက်မှာ ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖုန်းခေါ်ဆိုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုကို ဆွေးနွေးခဲ့ကြောင်းနဲ့ အပြစ်မဲ့သူတွေကို အကာအကွယ်ပေးဖို့အတွက် လုပ်ငန်းအဆင့်တွေ လုပ်ကြဖို့နဲ့ “ချက်ချင်း အပစ်အခတ်ရပ်စဲရေး” ကို လိုအပ်တယ်လို့ အစ္စရေးကို တိုက်တွန်းခဲ့ကြောင်းလည်း ဘလင်ကန်က ပြောပါတယ်။

အရပ်သားထိခိုက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခတွေနဲ့ အကူအညီပေးရေး လုပ်သားတွေ ဘေးကင်းရေးတို့ကို ကိုင်တွယ်ဖြေရှင်းရာမှာ တိကျသေချာပြီး တိုင်းတာနိုင်တဲ့ အဆင့်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ချက်ချင်း အပစ်အခတ်ရပ်စဲရေးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တည်ငြိမ်အောင် မြှင့်တင်ဖို့နဲ့ အပြစ်မဲ့ အရပ်သားတွေကို ကာကွယ်ဖို့အတွက် မရှိမဖြစ် လိုအပ်နေတာဖြစ်ပြီး ဓားစာခံတွေကို အိမ်ပြန်ပို့နိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းသူတွေကို နှောင့်နှေးမနေဘဲ သဘောတူညီချက်ကို ချုပ်ဆိုနိုင်ဖို့ ဝန်ကြီးချုပ် နေတန်ယာဟုကို သမ္မတဘိုင်ဒင်က တိုက်တွန်းခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ဂါဇာရဲ့ လက်ရှိအဖြစ်မှန်ကတော့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အကူအညီပေးဖို့ အရေးတကြီး လုပ်ဆောင်နေတယ်ဆိုပေမဲ့ မြေပြင်က ရလဒ်တွေက ညံ့ဖျင်းပြီး လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဂါဇာမှာရှိတဲ့ လူဦးရေရဲ့ ၁၀၀ ရာခိုင်နှုန်းက စားနပ်ရိက္ခာ မလုံလောက်မှုအဆင့်ကို ရောက်နေပြီး လူဦးရေ ၁၀၀ ရာခိုင်နှုန်းဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေကြောင်းလည်း ဘလင်ကန်က ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း WCK အဖွဲ့ကို ထိတ်လန့်တကြား တိုက်ခိုက်မှုဟာ နောက်ဆုံးဖြစ်ရပါမယ်လို့လည်း ပြောလိုက်ပါတယ်။

ဂါဇာမှာ အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ပြောရရင် မြင်တွေ့လိုတဲ့ အပြောင်းအလဲကို မမြင်ရဘူးဆိုရင် အမေရိကန်ရဲ့ ကိုယ်ပိုင်မူဝါဒ အပြောင်းအလဲ ရှိလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောသွားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013