Home
မြန်မာသတင်း
မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို
DVB
·
April 5, 2024
UN 542024

လူ့အခွင့်အရေးချိုးဖောက်ဖို့ စစ်ကောင်စီက လေယာဉ်ဆီတွေ အသုံးချနေတယ်လို့ ယုံကြည်ရင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တာ ဒါမှမဟုတ် ရောင်းချတာ ရှောင်ရှားကြဖို့ တောင်းဆိုတဲ့ အစီအမံတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သဘောတူလိုက်ပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကောင်စီဟာ မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ တရားမဝင်ရောင်းချတာကို ရပ်ဆိုင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီရေးလိုလားတဲ့ အင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်မြေပြင်တိုက်ပွဲတွေမှာ အရေးမလှ ဖြစ်နေတာကြောင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှု ပိုတိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာလူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက သတိပေးထားပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း မြန်မာနိုင်ငံကို တရားမဝင် လောင်စာတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး ထပ်တလဲလဲ သတိပေးထားပါတယ်။ လေယာဉ်ဆီတင်ပို့မှု ထောက်ပံ့ကွင်းဆက်မှာ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲပြီး ပေးပို့နေတာတွေကို ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို တင်ပို့မှု ခုနှစ်ကြိမ်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာရှိတဲ့ သိုလှောင်ရုံတခုနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုတာ AI က ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးကောင်စီဝင် ၄၇ နိုင်ငံထဲမှာပါတဲ့ ဗီယက်နမ်ဟာ ကောင်စီရဲ့ အခု ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတစုံတရာ မရှိခဲ့ပါဘူး။

AI အထူးကိုယ်စားလှယ် အီနီယန်အီလန်ဂိုက “စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို သုံးနေတဲ့သူတွေကို ဂျက်လေယာဉ်ဆီ ထောက်ပံ့တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်လိုမျိုး လက်ခံနိုင်စရာမရှိဘူးဆိုတာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဓိကအဖွဲ့ကြီးဆီက အရေးကြီးတဲ့ သတင်းစကားပါပဲ” လို့ ပြောပါတယ်။

အခုသဘောတူညီချက်ဟာ “အစ ကောင်း” လို့ ဆိုရမယ်လို့ အီလန်ဂိုက သုံးသပ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တိုက်ရိုက်နဲ့ သွယ်ဝိုက် ပေးပို့မှုတွေ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် ချမှတ်သင့်တယ်လို့ အီလန်ဂိုက ပြောပါတယ်။

Source-Reuters

Photo- UNHRC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013