Home
မြန်မာသတင်း
မိုးမောက်မြို့နယ် ကျောက်စခန်းရွာကို စစ်တပ်ဗုံးကြဲ၊ ရွာတဝက်ခန့်ပျက်စီး
DVB
·
April 5, 2024
bomb 542024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်း၊ ခဝမ်ဘန် ကျေးရွာကို ဧပြီ ၃ ရက်နဲ့ ၄ ရက်တွေက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ရွာတဝက်ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးမောက်မြို့ခံတဦးက “ရွာမှာက အိမ်ခြေ ၂၀၀ ကျော်ပါတယ်၊ ရှမ်းလူမျိုးတွေက တံတားရဲ့ ဒီဘက်က ကျောက်စခန်းရွာမှာ နေတယ်။ ကချင်လူမျိုးတွေက တံတားရဲ့ အရှေ့ဘက်ရွာထိပ် ခဝမ်ဘန် ရွာမှာနေတာ၊ နှစ်ရွာတရွာ နေထိုင်ကြတာပါ။ ရွာထိပ်ဘက်က စစ်ကောင်စီစုပေါင်းဂိတ် တခုနဲ့ အူဒန်ဘွမ်တပ်စခန်းကို KIA/AA/KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတော့ စစ်တပ်က လေယာဉ်တွေနဲ့လာ ဗုံးကြဲတယ်။ ခမရ ၄၃၇ တပ်နဲ့ ဗန်းမော်အမြောက်တပ်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်တယ်။ ရွာတဝက်လောက် ပျက်စီးသွားပြီ” လို့ ပြောပါတယ်။

နောက်တဦးကလည်း “တောဘက်က (ဒေသအခေါ်) ၂ နာရီ ထွက်ခွာချိန်ပေးတယ်လို့ ကြားရတယ်။ တချို့တွေက အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေက ဗုံးခိုကျင်းထဲ ကျန်ခဲ့တာ။ မိုးမောက် လူမှုကူညီရေးအသင်းက ကယ်ထုတ်ပေးတယ်” လို့ ပြောပါတယ်။

ဧပြီ ၄ ရက် ည ၉ နာရီကျော်လောက်ကလည်း ခမရ ၄၃၇ နဲ့ အမတ ၃၆၆ က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မိုးမောက်မြို့အတွင်း အိမ်တွေတချို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တဦးနဲ့ လူကြီးတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေက လွယ်ဂျယ်မြို့အပါအဝင် လက်ရှိ မိုးမောက်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီစခန်း ၁၄ ခုထက်မနည်း သိမ်းပိုက်ထားပြီး ဌာနဆိုင်ရာ အဆောက်အဦတွေကို ချိပ်ပိတ်ထားလို့ ဒေသ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024