Home
မြန်မာသတင်း
လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာနေရာများကို KIA  ချိပ်ပိတ်သိမ်းဆည်း
DVB
·
April 5, 2024
LwalGel-2932024

တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရာ မြို့တမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကလွဲလို့ အစိုးရဌာနဆိုင်ရာ နေရာတွေ အကုန်လုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၄ ရက်မှာ ချိပ်ပိတ်သိမ်းဆည်းကာ အလံတွေပါ လဲလှယ် လွှင့်ထူလိုက်ပြီလို့  KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက “စစ်ကောင်စီတပ်ကလွဲလို့ လွယ်ဂျယ်မြို့ထဲက တခြားနေရာတွေ အကုန်ချိပ်ပိတ်လိုက်ပြီ။ အကုန်လုံး နေရာယူလိုက်ပြီ။ ဟို စစ်တပ်ထဲပဲ ကျ‌နော်တို့ ဝင်လို့မရတာ။ ရဲတွေရော အဲဒီစစ်တပ်ထဲ ဝင်ရောက် ပူးပေါင်းလိုက်ပြီ။ အဲဒီထဲမှာပဲ ဝင်နေနေကြတယ်။ စစ်တပ်ထဲမှာပဲ အကုန်စုနေကြတယ်။ တခြားနေရာတွေဘက်တော့ ဘာမှမရှိဝော့ဘူး။ ကျနော်တို့ဘက်က အကုန်သိမ်းလိုက်ပြီ” လို့ ပြောပါတယ်။

နေရာအနှံ့က အလံတွေလည်း အကုန်ဖြုတ်ပြီး လဲလိုက်ကာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့‌တွေ နေရာယူထာလိုက်ပါတယ်။

နောက်ထပ် KIA သတင်းရင်းမြစ်တဦးက“စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ တချို့ကိုတော့ ဗန်းမော်ဘက် သွားပို့လိုက်ပြီ။ တရုတ်သူဌေးတွေရဲ့ကားနဲ့။ တယောက်ကိုမှ ဘာမှမလုပ်ဘူး။ လူ့အသက်ထိပါးတာမျိုး တယောက်ကိုမှ မလုပ်ဘူး။ တိုက်ရိုက်သွားပို့လိုက်တာ” လို့ ပြောပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းကိုလည်း စစ်ဆေးတာတွေမလုပ်ဘဲ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ လွယ်ဂျယ်မြို့ထဲ ဌာနဆိုင်ရာ‌နေရာတွေနဲ့ အရေးကြီးတဲ့ နေရာတွေကို လိုက်လံရှင်းလင်း သိမ်းဆည်း‌နေချိန် စစ်ကောင်စီတပ်ကို ထမင်းချက်ပို့တဲ့ အဖွဲ့ အ‌ယောက် ၂၀ လောက်ကို ဖမ်းဆီးရမိထားတယ်လို့ နောက်ထပ် KIA သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ရှောင်နေကြတဲ့ လွယ်ဂျယ်ဒေသခံပြည်သူ အများစုက ပြန်လာနေကြပြီဖြစ်ပေမဲ့ မိုင်ဂျာယန်က ဒေသခံ စစ်ရှောင်ပြည်သူ‌တချို့ကတော့ တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၂၇ ရက်ကစပြီး KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက လွယ်ဂျယ်-မိုးမောက် လမ်းတလျှောက်က စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လက်ရှိထိ အဲဒီလမ်းတလျှောက်က သမိုင်းဝင် စိန်လုံဗျူဟာ တပ်စခန်းကြီး အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024