ထိုင်ဝမ်ကျွန်းမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး စာနာကြောင်း ဖော်ပြကြတဲ့ နိုင်ငံတကာကို ကျေးဇူးတင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယသံအမတ်ကြီးက တုံ့ပြန်ခဲ့မှုဟာ ‘အရှက်မရှိ’ တဲ့လုပ်ရပ် ဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက တုံ့ပြန်လိုက်ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်လို့ သတ်မှတ်ထားတဲ့အတွက် နိုင်ငံတကာစင်မြင့်မှာ ထိုင်ဝမ်ကိုယ်စား ထွက်ပြောပေးတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ဘက်ကတော့ ပေကျင်း ကွန်မြူနစ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို အုပ်ချုပ်နိုင်တာ မဟုတ်တဲ့အတွက် တရားဝင်ကိုယ်စားပြုမှုမရှိဘဲ တုံ့ပြန်ခဲ့မှုအပေါ် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်အား ၇ ဒသမ ၂ ရှိတဲ့ ငလျင်ကြီး ထိုင်ဝမ်အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦးသေဆုံးတယ်လို့ ကုသလမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကန်ရွှမ်းက တင်ပြခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ “တရုတ်ရဲ့ ထိုင်ဝမ်” လို့လည်း သုံးသွားပါတယ်။ “စာနာပူပန်ပေးကြတဲ့ နိုင်ငံတာကာ အသိုင်းအဝိုင်းကို ကျနော်တို့က ကျေးဇူးတင်ပါတယ်” လို့လည်း ကန်ရွှမ်းက ထည့်ပြောသွားတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ ထိုင်ဝမ်ငလျင်ကို တရုတ်က အရှက်မရှိ အသုံးချတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ တရုတ်က ထိုင်ဝမ်အပေါ် စိတ်ကောင်းစေတနာကောင်း မရှိတာကို ဖော်ပြရာလည်း ရောက်တယ်လို့ ဝေဖန်လိုက်ပါတယ်။
ကမ္ဘာတဝန်းက နိုင်ငံတွေက စာနာကြောင်းဖော်ပြတာ၊ အကူအညီပေးတာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ထိုင်ဝမ်အစိုးရက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
Source/Photo-Reuters