Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား ၁၄ သန်းကျော် ဖမ်းမိ 
DVB
·
April 5, 2024
thai world 542024

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနဲ့ လာအိုနိုင်ငံနယ်စပ်မှာ စိတ်ကြွဆေးပြား စုစုပေါင်း ၁၄, ၃၂၀, ၀၀၀ (၁၄ သန်းကျော်) ဖမ်းဆီးရမိတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုန်ကျေးရွာအုပ်စုထဲမှာ ဧပြီ ၃ ရက် ည ၇ နာရီဝန်းကျင်က  နယ်ခြားစောင့်ထိုင်းတပ်ဖွဲ့က  လမ်းပေါ်ရှိ ယာဉ်အသွားအလာတွေကို စောင့် ကြပ်စစ်ဆေးစဉ် အဝေးမှကားမီးရောင်ကို လှမ်းတွေ့ရကြောင်း၊ အဆိုပါကားကို တားဆီး စစ်ဆေးဖို့ စောင့်နေစဉ် ကားက ရှေ့ဆက်မလာဘဲ လမ်းဘေးမှာထိုးရပ်လိုက်တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဲဒီကားနား သွားရောက်စစ်ဆေးရာမှာ အဖြူရောင် မီဆူဘီရှီဘာဂျဲရိုးကား တစီးရပ်ထားပြီး  ကားမောင်းသူကို မတွေ့ကြောင်း၊ ကားပေါ်မှာ မြွေရေခွံအိတ် ၃၂ အိတ်တင်လာပြီး အိတ်ထဲမှာ အပြာရောင်ပလပ်စတိတ်အိတ်တွေထဲ ထည့်ထားတဲ့ ၉၉၉ အမှတ်တံဆိပ်ဆေးပြားတွေ တွေ့ရတယ်၊ အိတ်တလုံးကို စိတ်ကြွဆေး နှစ်သိန်းစီပါတဲ့အတွက်  စုစုပေါင်း စိတ်ကြွဆေး ၆, ၄၀၀, ၀၀၀ ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ကားမောင်းသမားမှာ စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေကို လှမ်းတွေ့ရတဲ့အတွက် ကားကို ပစ်ပြီးထွက်ပြေးသွားတာဖြစ်နိုင်ကြောင်း၊ အနီးနားတဝိုက်မှာ လက်ကိုင်ဖုန်းပါတဲ့ အိတ်တလုံး ကောက်ရပြီး အဲဒီဖုန်းဟာ ယာဉ်မောင်းရဲ့ ဖုန်းဟုတ်မဟုတ်နဲ့  ဖုန်းထဲကနေ မူးယစ်ဆေး ကွင်းဆက်တွေ ဆက်လက်စုံစမ်းသွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဝိန်းဟိုင်မြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်ခရိုင်တဘက်ကမ်းမှာ ရှိပါတယ်။ 

မူးယစ်ဆေးဖမ်းမိတဲ့ နောက်ထပ်တနေရာကတော့ ချင်းရိုင်းခရိုင်   ကျိန်းဆဲန်မြို့နယ် မဲခေါင်မြ စ် ကမ်းဘေးမှာ ဖြစ်ပါတယ်။ 

နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ဧပြီလေးရက် မနက်တနာရီခွဲလောက်က မြစ်ကမ်းတလျှောက် တရားဥပဒေစိုးမိုးရေး လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် ဘန့်ရှောင်းအုပ်စု ဘန့်ဆွန်ဒေါက်ရွာရှိ မဲခေါင်မြစ်ဆိပ်ကမ်းတနေရာမှာ လူတချို့က လှေပေါ်က မြွေရေခွံအိတ်တွေ ကမ်းပေါ်ကို သယ်ချနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးဖို့အတွက် လူယောင်ထွက်ပြရာမှာတော့ အဆိုပါလှေဟာ မြစ်ထဲကို အမြန်ခုတ်မောင်းထွက်ပြေးသွားပါတယ်။ 

ကုန်းပေါ်ချထားတဲ့အိတ် စုစုပေါင်း ၃၃ လုံးရှိပြီး ဖွင့်ဖောက်စစ်ဆေးကြည့်ရာမှာ အထဲမှာ အနီရောင်ပလတ်စတတ်အိတ်ထဲထည့်ထားတဲ့ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြားတွေ တွေ့ရှိပါတယ်။ အိတ် ၁ လုံးလျှင် စိတ်ကြွဆေးပြား ၂၄၀၀၀၀ ပါရှိတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၇, ၉၂၀, ၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါနေရာဟာ ရွှေတြိဂံနယ်မြေအနီး လာအိုဘက်ခြမ်း ဘော်ကယောက်မြို့နယ် ဆီမိုင်းခမ်း အုပ်စုနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ 

အဆိုပါ ၂ နေရာကနေ စိတ်ကြွဆေးပြား စုစုပေါင်း  ၁၄, ၃၂၀, ၀၀၀ ( ၁၄ သန်းကျော်) ဖမ်းဆီး ရမိခဲ့တာပါ။ 

source/photo-Maesaipress

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013