Home
မြန်မာသတင်း
မံစီမြို့နယ် ဟန်ထက်ရွာရှိ စစ်တပ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
April 5, 2024
man 542024

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ဟန်ထက်ကျေးရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၅ ရက် မနက် ၇ နာရီကျော်လောက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

“အရင်ရက်တုန်းကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံးနဲ့လာပစ်တာ၊ သေနတ်သံတွေဆူညံလို့ပဲ။ လေယာဉ်တွေနဲ့စစ်တပ်က ဆက်တိုက်လာကြဲတယ်။ ရွာထိပ်အကျော်တံတားနားလေးမှာရှိတာ အဲစခန်းက။ စီခမ်းကြီးနဲ့ ဗျူဟာကုန်းဘက်က ဆုတ်လာတဲ့ စစ်ကောင်စီဝင်တွေရော ပူးပေါင်းနေထားကြတာ ၁၀၀နီးပါးရှိတယ် သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ပျက်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ဟန်ထက်ကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးတွေ၊ လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲ တာကြောင့် အိမ်တချို့ပျက်စီးတယ်လို့ သိရပေမဲ့ အရေအတွက်တော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။။

ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကိုက်ထိပ်၊ လွယ်ခန်းဗျူဟာကုန်း၊ စီခမ်းကြီးတပ်စခန်း၊ မိုင်းခေါင်တပ်စခန်း၊ ရှေ့တန်းကာကင်းစခန်းတွေအပါအဝင် ၁၀ ခုထပ်မနည်းသိမ်းပိုက်ရရှိခဲ့ပြီး ဗန်းမော်မြို့နဲ့ ၁၂ မိုင်ခန့်သာ ဝေးတော့ကာ မံစီမြို့နယ်မှာ ခမရ ၃၁၉ အမြောက်တပ်၊ ခမရ ၆၀၁ ဂါးရာယာန် တပ်စခန်းတွေသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ပုံ ၊ရှေ့တန်းသတင်းရင်းမြစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024