မွန်ပြည်နယ်၊ မုဒုံမြို့၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၄ ရက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုဒုံမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၄ ရက် မနက် ၇ နာရီကျော်က ဗုံးပေါက်ကွဲတာကြောင့် အဆောက်အဦ မျက်နှာကြက်တွေ၊ ပြတင်းပေါက်တွေ၊ မှန်တွေနဲ့ ရုံးဘေးအုတ်နံရံတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မုဒုံမြို့ခံတဦးက “မနက်အစောကြီး မိုင်းပေါက်ကွဲတာ၊ အသံကတော့ သိပ်မကျယ်ပါဘူး။ သူများတွေ ပြောနေတာကတော့ ချိန်းကိုက်ဗုံးတို့ ဗုံးပစ်သွားတာလို့ ပြောနေပေမဲ့ သေချာ အတိအကျကြီးတော့ မသိပါဘူး။ မနက်အစောကြီးဆိုတော့ လူထိခိုက်မှုတော့ မရှိပါဘူး။ ဘယ်သူလုပ်လဲဆိုတာတော့ မသိပါဘူး” လို့ ပြောပါတယ်။
အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ရုံးအနားနဲ့ မြို့အဝင်အထွက်တွေမှာ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ စစ်မှုမထမ်းမနေရစနစ် ထုတ်ပြန်ပြီးတဲ့နောက် အုပ်ချုပ်ရေးမှူး အပါအဝင် စစ်မှုထမ်းဖို့ စည်းရုံးနေတဲ့သူတွေ ပစ်ခတ်ခံရမှုတွေရှိသလို အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးခွဲခံရမှုတွေလည်း ရှိနေပါတယ်။