ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မှာ ဧပြီ ၄ ရက် အစောပိုင်းက အထပ်မြင့် တိုက်ခန်းတွေနဲ့ ကိုယ်ပိုင်အိမ်တွေကို ရုရှားမောင်းသူမဲ့လေယာဉ်တွေက ဝင်တိုက်ခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေ အပါအဝင် လူလေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲက သုံးဦးဟာ အရေးပေါ်ကယ်ဆယ်ရေးယာဉ် မောင်းနှင်သူတွေဖြစ်ပြီး သူတို့တွေဟာ ပထမအကြိမ် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သူတွေကို လာကယ်ဆယ်ပြီး မီးတွေငြှိမ်းသတ်ပြီးချိန်မှာပဲ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာလို့ ခါကိဗ်မြို့တော်ဝန် အီဟော်ရ် တယ်ရီခို့ဗ်က ပြောပါတယ်။ ဒုံးကျည်ထိမှန်မှုကြောင့် လေးဦးမြောက်လူ ထပ်သေဆုံးခဲ့ကြောင်းလည်း သူကဆိုပါတယ်။
ရုရှားတွေဟာ ခါကိဗ် တိုက်ခိုက်မှုမှာ အနည်းဆုံး ဒရုန်း ၁၅ စင်း အသုံးပြုခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရိန်းစစ်တပ်ဟာ နိုင်ငံတွင်းမှာ ညလုံးပေါက် ပစ်လွှတ်နေတဲ့ ရှာဟဒ် ဒရုန်းအစင်း ၂၀ ထဲက ၁၁ စင်းကို ပစ်ချခဲ့ကြောင်း စစ်ဦးစီးချုပ်ရုံးက ပြောကြားပါတယ်။
တိုက်ခိုက်မှုအတွင်း လူနေအိမ်အဆောက်အအုံတွေ၊ စတိုးဆိုင်တွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံနဲ့ ကားတွေ ပျက်စီးခဲ့ကြောင်း ခါကိဗ် အစိုးရရှေ့နေရုံးက တယ်လီဂရမ်မှာ ပြောထားပါတယ်။
ဒရုန်းတွေဟာ ဒေသတွင်းရှိ ဇမီအိဗ်စကာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုလည်း ထိမှန်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး လတ်တလော ရက်သတ္တပတ်တွေအတွင်း ထပ်ခါတလဲလဲ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု ခံနေရတဲ့ စွမ်းအင်စနစ်အပေါ် ဖိအားတွေ ဆက်ရှိနေရပါတယ်။
ရုရှားတိုက်ခိုက်မှု ခံရပြီးနောက်မှာ ခါကိဗ်နဲ့ ပတ်ဝန်းကျင်ဒေသမှာ နေထိုင်သူ သုံးသိန်းခွဲလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက တယ်လီဂရမ် ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
Source/Photo-REUTERS/Vitalii Hnidyi