Home
နိုင်ငံတကာ
အီးယူဗီဇာ မရှိသည့် ဘိုလီးဗီးယားနိုင်ငံသား ၇၀ ခန့်ကို စပိန် ဝင်ခွင့်မပြု
DVB
·
April 4, 2024
MSC Armonia docks in Barcelona's Port

စပိန်အာဏာပိုင်တွေဟာ အီးယူ ပြည်ဝင်ခွင့်ဗီဇာမရှိတဲ့ ဘိုလီးဗီးယားနိုင်ငံသား ၇၀ လောက်ကို  ဘာစီလိုနာမှာ အပျော်စီးသင်္ဘောပေါ်ကနေ ဆင်းခွင့်မပြုဘဲ အခြေအနေ မပြေလည်မချင်း ရာနဲ့ချီတဲ့လူတွေပါတဲ့ သင်္ဘောကို ခရီးဆက်ဖို့ တားဆီးထားပါတယ်။

ဘရာဇီးနိုင်ငံကနေ ခရီးစတင်ခဲ့တဲ့  MSC-အာရ်မိုနီးယား အပျော်စီးသင်္ဘောဟာ ဧပြီ ၂ ရက် အစောပိုင်းက ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီး အဲဒီနေ့နှောင်းပိုင်းမှာ ပြင်သစ်ကမ်းခြေကနေ ကော်စီကာကျွန်းကို ထွက်ခွာဖို့ စီစဉ်ထားကြောင်း ခရီးသည်တွေရဲ့ အကောင့်တွေနဲ့ အထူးပြု ပင်လယ်ရေကြောင်း ဝက်ဘ်ဆိုက်တွေအရ သိရပါတယ်။

ဘိုလီးဗီးယားခရီးသည်တွေဟာ ဘရာဇီးမှာ သင်္ဘောပေါ်တက်ချိန်တုန်းက သင့်လျော်တဲ့ စာရွက်စာတမ်းတွေ ရှိခဲ့ပေမဲ့ ဥရောပ ရှန်ကန်း ဧရိယာကို ဝင်ရောက်ဖို့တော့ သူတို့ရဲ့ ဗီဇာတွေက အကျုံးမဝင်ဘူးလို့ MSC က ပြောပါတယ်။

ခရီးသည်တွေကို ဧပြီ ၃ ရက် နေ့လယ်ပိုင်းအထိ သင်္ဘောကနေ ထွက်ခွာခွင့်မပြုထားဘဲ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ကြိုပြီးပြထားရမယ်လို့ ခရီးသည်တဦးက ရိုက်တာကို ပြောပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ရဲတပ်ဖွဲ့၊ ဘိုလီးဗီးယား အာဏာပိုင်တွေနဲ့ MSC အပျော်စီးသင်္ဘောကုမ္ပဏီ ဆွစ်-အီတလီ အော်ပရေတာတို့အတူ လုပ်ဆောင်ခဲ့ကြောင်း စပိန်အစိုးရရဲ့ ကက်တလိုနီးယား ကိုယ်စားလှယ်အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဘိုလီးဗီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ခရီးသွား စာရွက်စာတမ်းတွေကို စစ်ဆေးပြီး ဖြေရှင်းချက်ထုတ်ဖို့က MSC မှာ တာဝန်ရှိပေမဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့ အာဏာပိုင်တွေနဲ့ လုပ်ဆောင်နေပါကြောင်း အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-REUTERS/Albert Gea

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013