Home
နိုင်ငံတကာ
ရွေးကောက်ပွဲကို စက်တင်ဘာတွင် ကျင်းပရန် အစ္စရေး စစ်ပွဲကာလအစိုးရ တောင်းဆို
DVB
·
April 4, 2024
Israel war cabinet member Gantz calls for September elections

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရဟာ ဂါဇာစစ်ပွဲအတွက် ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စက်တင်ဘာလမှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပဖို့ အစ္စရေး စစ်ပွဲကာလအစိုးရ ကက်ဘိနက်အဖွဲ့ဝင် ဘန်နီဂန့်ထ်ဇ်က ဧပြီ ၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဘန်နီဂန့်ထ်ဇ်က“စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည်သူလူထုဟာ မကြာခင်မှာ ကျနော်တို့က သူတို့ရဲ့ယုံကြည်မှုကို ထပ်ပြီး တောင်းဆိုတော့မယ်ဆိုတာ သိထားရမယ်” လို့ ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို လျစ်လျူရှုထားမှာ မဟုတ်ကြောင်းနဲ့ အဲဒီမတိုင်ခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း လျစ်လျူရှုထားမှာ မဟုတ်ကြောင်း ဂန့်ထ်ဇ်က ပြောပါတယ်။

ဒါကြောင့် ဆန္ဒရှိရင် စစ်ပွဲကာလ တနှစ်လောက်ရှိတော့မယ့် စက်တင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို သဘောတူရမှာဖြစ်တယ်လို့ ဂန့်ထ်ဇ်က ပြောပါတယ်။

သဘောတူထားတဲ့ ရွေးကောက်ပွဲရက်စွဲဟာ အစ္စရေးလူ့အဖွဲ့အစည်းကို သူ့ခေါင်းဆောင်မှုနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ခွင့်ပြုမယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

ဒါဟာ ဟားမတ်စ်နဲ့ အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အမျိုးသားရေး ကြိုးပမ်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ တခုတည်းသော နည်းလမ်းလို့ ထင်မြင်ကြောင်းနဲ့ တခြားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကတော့ သဘောတူညီထားတဲ့ ရွေးကောက်ပွဲရက်စွဲ ရှိဖို့ဖြစ်ပြီး နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ပြိုင်ဘက်တချို့လည်း ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂန့်ထ်ဇ်က ပြောပါတယ်။

မကြာသေးမီရက်ပိုင်းတွေအတွင်း အစ္စရေးနိုင်ငံမှ ထောင်နဲ့ချီတဲ့ လူထုဟာ လမ်းမပေါ် ထွက်ခဲ့ပြီးတော့ ရွေးကောက်ပွဲအသစ်ကို တောင်းဆိုခဲ့ကြပါတယ်။

လူအများအပြားက နေတန်ယာဟုကို ဝေဖန်ခဲ့ပြီး စစ်ပွဲအတွင်း ခြောက်လကြာ ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံထားရဆဲ အစ္စရေးဓားစာခံ ၁၃၄ ဦးရဲ့ အရေးကို နေတန်ယာဟု အစိုးရရဲ့ ကိုင်တွယ်မှုအပေါ် ဒေါသတကြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် နေတန်ယာဟုကတော့ သဘောထား စစ်တမ်းတွေအရ သူရှုံးနိမ့်ခြေရှိတဲ့ အကြိုရွေးကောက်ပွဲတွေ ကျင်းပဖို့ကို အကြိမ်ကြိမ် ပယ်ချခဲ့တာဖြစ်ပြီး စစ်ပွဲကာလကြီးမှာ မဲရုံသွားခိုင်းတဲ့ကိစ္စဟာ ဂါဇာကိုအုပ်ချုပ်နေတဲ့ အစ္စလာမ္မစ်အစွန်းရောက် ဟားမတ်စ်အဖွဲ့ကို ဆုချီးမြှင့်သလို ဖြစ်နေလိမ့်မယ်လို့ ပြောထားဖူးပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013