ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧပြီ ၄ ရက် မနက်ပိုင်းက ဆိုင်ကယ်စီးလာတဲ့စုံတွဲ သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားသေဆုံးသွားကြောင်း သိရပါတယ်။
စီတာပူရပ်ကွက် အမှတ် ၈ နယ်မြေ ဟာရူး စားသောက်ဆိုင်အနီးမှာ ဆိုင်ကယ်မောင်းနှင်လာသူ ဇနီးမောင်နှံနှစ်ဦးကို အမည်မသိ သေနတ်သမားအဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။
စီတာပူရပ်ကွက်နေ အမျိုးသားတဦးက “မနက် ၅ နာရီခွဲလောက်က သေနတ်သံငါးချက် ကြားလိုက်တယ်။ ဆိုင်ကယ်နဲ့လာတဲ့ ဇနီးမောင်နှံကို သေနတ်နဲ့ပစ်သွားတာ။ အမျိုးသားကတော့ ပွဲချင်းပြီးသေတယ်။ မနက်အစောဆိုတော့ ဘယ်သူပစ်သွားမှန်းတော့ မသိဘူး” လို့ ပြောပါတယ်။
အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသားဖြစ်သူဟာ လည်ပင်းကျည်ထိဒဏ်ရာ၊ ဘယ်ဘက်ပါး ကျည်ထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးကတော့ ကျောကုန်းနဲ့ ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေ ရခဲ့တဲ့အတွက် လူမှုကူညီရေးအဖွဲ့တွေက မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် မေ ၂၅ ရက်ကလည်း စီတာပူရပ်ကွက် အမှတ် ၆ နယ်မြေမှာ အသက် ၂၅ နှစ်အရွယ် ဆိုင်ကယ်စီးလာသူ အမျိုးသားတဦးကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် နားရွက်နောက် ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါသေးတယ်။
Photo-လူမှုကူညီရေးအသင်း