Home
နိုင်ငံတကာ
ဖင်လန်နိုင်ငံ စာသင်ကျောင်းတွင် ပစ်ခတ်ခဲ့သည့် ကလေးငယ်က အနိုင်ကျင့်ခံခဲ့ရဟု ထွက်ဆို
DVB
·
April 4, 2024
Finland_04042024

ဖင်လန်နိုင်ငံ၊ ဗန့်တာမြို့က ကျောင်းတကျောင်းမှာ ခြောက်တန်းကျောင်းသားတဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးက သူဟာ အနိုင်ကျင့်ခံရတဲ့ပစ်မှတ် ဖြစ်နေတယ်လို့ ရှင်းပြခဲ့ပြီး အနိုင်ကျင့်ခံရတာက တိုက်ခိုက်မှုအတွက် အကြောင်းရင်းဖြစ်တယ်လို့ ရဲက ဧပြီ ၃ ရက်မှာ ပြောခဲ့ပါတယ်။

ပစ်ခတ်သူယောက်ျားလေးဟာ အနိုင်ကျင့်မှုရဲ့ပစ်မှတ် ဖြစ်ခဲ့တယ်လို့ ပဏာမ ရဲစစ်ချက်က  အတည်ပြုခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက သီးခြားထုတ်ပြန်ချက်တခုမှာ ပြောခဲ့ပါတယ်။

ဦးဆောင်စုံစမ်းစစ်ဆေးရေးမှူး မာကို ဆာခါက အသေးစိတ်ဖော်ပြဖို့ ငြင်းဆိုခဲ့ပါတယ်။

တိုက်ခိုက်သူဟာ တခြားလူတွေကို ပစ်မှတ်ထားဖို့ ကြိုးပမ်းခြင်း ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။

ဖင်လန်နိုင်ငံက စာသင်ကျောင်းတွေမှာ အနိုင်ကျင့်မှုအဆင့် မြင့်တက်လာတာကို တွေ့ရပြီး ခုချိန်မှာ အသက် ၁၂ နှစ်ဝန်းကျင် ကျောင်းသားတွေရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းဟာ တပတ်ကို အနည်းဆုံးတကြိမ် ပစ်မှတ်ထားခံရတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်ကတော့ ကျောင်းသား ၇ ဒသမ ၂ ရာခိုင်နှုန်းသာ ပစ်မှတ်ထား ခံခဲ့ရတာပါ။

ဗန့်တာမြို့ရဲ့ ကျောင်းအပြင်ဘက်က ယာယီအောက်မေ့ဖွယ်နေရာကို ရောက်နေတဲ့ မိဘတွေက အာဏာပိုင်တွေဟာ အလွန်အမင်း စီမံခန့်ခွဲတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

အနိုင်ကျင့်ခြင်းကို အမြန်ချေမှုန်းဖယ်ရှားဖို့ အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် အရေးယူဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

ဖင်လန်အစိုးရက ဗုဒ္ဓဟူးနေ့ ဝမ်းနည်းခြင်းနေ့မှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ပြီး သေဆုံးသွားတဲ့ ကလေးကို အလေးပြုတဲ့ အထိမ်းအမှတ်အနေနဲ့ အများပိုင် အဆောက်အဦတွေပေါ်မှာ အလံတိုင်ဝက်လွှင့်ထူဖို့ အမိန့်ပေးခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ တခြားကျောင်းသားနှစ်ဦးကတော့ ဆေးရုံပေါ်မှာ ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013