Home
နိုင်ငံတကာ
ဖင်လန်က ယူကရိန်းကို ‌ဒေါ်လာသန်း ၂၀၀ ‌ကျော်ဖိုး စစ်ရေးအကူအညီပေးမည်
DVB
·
April 4, 2024
Finland Ukraine_04042024

ယူကရိန်းနိုင်ငံနဲ့ ၁၀ နှစ်ကြာ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် ယူရို ၁၈၈ သန်း (အမေရိကန်ဒေါ်လာ ၂၀၃ သန်း) ဖိုး စစ်ရေးအကူအညီတွေ ပေးပို့မယ်လို့ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတု(ပ်)က ပြောပါတယ်။

ကိယက်ဗ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဧပြီ ၃ ရက်က တွေ့ဆုံခဲ့ပြီးနောက် ဖင်လန်သမ္မတ စတု(ပ်)က ပြောဆိုလိုက်တာပါ။

သဘောတူညီချက်ထဲမှာ ယူကရိန်း ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့အတွက် နှစ်နှစ်ကြာ ရုရှားကျူးကျော်မှုကို တိုက်ဖျက်ရာမှာ ယူကရိန်းကို ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကျောထောက်နောက်ခံပေးတာ အပါအဝင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည်ပံ့ပိုးကူညီမှုတို့ ပါတယ်လို့ ဖင်လန်သမ္မတရုံးက ပြောပါတယ်။

ဖင်လန်နိုင်ငံဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ လက်နက်ကြီးတွေအတွက် ခဲယမ်းမီးကျောက်တွေ အပါအဝင် တခြား ကာကွယ်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးမယ်လို့ စတု(ပ်)က ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ထောက်ပံ့ရေးအစီအစဉ်သစ်ဟာ ၂၀၂၂ ခုနှစ်ကနေ ခုချိန်ထိ ယူကရိန်းကာကွယ်ရေးအတွက် ဖင်လန်နိုင်ငံရဲ့ စုစုပေါင်း ထောက်ပံ့ကူညီမှု ယူရို ၂ ဘီလီယံထိ ရောက်သွားလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းဟာ စစ်ရေးအရ သာလွန်တဲ့ ရန်သူကို တိုက်ခိုက်ဖို့ အနောက်လေကြောင်း ကာကွယ်ရေးစနစ်တွေကို ကြီးကြီးမားမား မှီခိုနေရပြီး မြို့တွေနဲ့ လျှပ်စစ်ဓာတ်အား လိုင်းတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ လက်နက်ကြီးတွေ တပ်ဆင်နိုင်ရေး နိုင်ငံတကာ မိတ်ဖက်တွေကို ကာလရှည်ကြာ ဖိအားပေးနေခဲ့ပါတယ်။

ဖင်လန်နိုင်ငံဟာ ယူကရိန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဘတ်ဂျက် ယူရိုသန်း ၂၉၀ ထောက်ပံ့ဖို့ လေးနှစ်စီမံကိန်းကို ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖင်လန်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ (မိုင် ၈၃၀) ရှည်တဲ့ နယ်စပ်ကို မျှဝေထားပြီး မနှစ်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ထဲကို ဝင်ရောက်ခဲ့ပါတယ်။

အိမ်နီးချင်း ရုရှားရဲ့ ဧရာမ ခြိမ်းခြောက်မှုကနေ ခုခံကာကွယ်မှုတွေ အားကောင်းလာစေဖို့ မျိုးဆက်ပေါင်းများစွာအတွင်း စစ်ရေးအရ ဘက်မလိုက်တဲ့နိုင်ငံအဖြစ် သူ့ရပ်တည်ချက်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013