Home
အနုပညာ
တေးသီချင်းဗီဒီယိုတွင် လိင်ပိုင်းဆိုင်ရာကိစ္စမပါရန် ဆင်ဆာတင်ရမည်ဟု စစ်ကောင်စီ ထပ်မံ တင်းကျပ် 
DVB
·
April 4, 2024
sensor 442024

တေးသီချင်းဗီဒီယို (Music Video) ရိုက်ကူးထုတ်လွှင့်ဖို့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လိင်ပိုင်းဆိုင်ရာတွေ ပါဝင်မှုမရှိစေရေး ထုတ်လုပ်သူတွေအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဧပြီ ၄ ရက်က ထပ်မံထုတ်ပြန်လာတဲ့အပေါ် ဂီတလောကသားတွေက ဝေဖန်ထောက်ပြပါတယ်။

တေးသီချင်းဖန်တီးသူတွေအနေနဲ့ တေးသီချင်းဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတွေအရ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ထားတာပါ။

အခုတခါထပ်မံပြီး ထုတ်လုပ်သူတွေ အနေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှူထိမ်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်မှုမရှိစေရေးနဲ့ ကာမရာဂလှုံ့ဆော်မှုများပါဝင်မှု မရှိစေဖို့အတွက် တာဝန်ယူနိုင်ဖို့ ဆင်ဆာတင်ဖို့လိုအပ်ကြောင်းကို ထပ်မံထုတ်ပြန်ကြေညာလာတာလည်း ဖြစ်ပါတယ်၊

တေးသီချင်းဖန်တီးသူလို့ဆိုတဲ့နေရာမှာ တေးသီချင်းတပုဒ်မှာပါဝင်သူအားလုံးကို ဆိုလိုတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီရဲ့ပြန်ကြားရေးက ထုတ်ပြန်ချက်အပေါ် ဂီတဖန်တီးသူတွေက ခေတ်နောက်ပြန်ဆွဲပြီး ဝါဒဖြန့်သရုပ်ဖော်မှုတွေကို အားကောင်းစေဖို့ လုပ်ဆောင်နေတာလို့ ဝေဖန်နေကြပါတယ်၊

Music Video ဖန်တီးသူ ဓာတ်ပုံဒါရိုက်တာတဦးက “ဆင်ဆာဆိုကတည်းကိုက အဖြတ်ခံရမှာပေါ့ အဲဒီတော့ ကျနော်တို့သီချင်းတွေဆိုတာက Art (အနုပညာ)ပဲလေ၊ အဲဒီ အနုပညာကို ဘောင်ခတ်တယ်လို့ ခံစားရတယ်။ ဒါလုပ်ခွင့်မရှိဘူး။ ဟိုဟာာလုပ်ခွင့်မရှိဘူးဆိုပြီး၊ ဒီဟာကို ဖန်တီးနေတဲ့သူတယောက်အနေနဲ့ကတော့ တော်တော်ကို ကျဉ်းကျဉ်းကြပ်ကြပ် လုပ်ရလိမ့်မယ်။ သူတို့အရင်ခေတ်ကလိုပဲ ချစ်ကြိုက်ကွဲညား ဒါတွေပဲ ပါလာမှာပေါ့။ တိုးတက်သင့်သလောက် တိုးတက်သင့်တဲ့လို့မရ MV တွေပဲ ဖြစ်လာလိမ့်မယ်။ နောက်ပိုင်းတွေက တော်တော်အထိနာလိမ့်မယ်။ ဒီဆင်ဆာက ခေတ်နောက်ပြန်ဆွဲမယ့် (political tool) နိုင်ငံရေးလက်နက်တခုလို့ပဲမြင်ပါတယ်” လို့ DVB ကိုပြောပါတယ်

ဂီတာတီးခတ်သူ ပညာရှင်တဦးကလည်း“အခုလိုမျိုးဆင်ဆာတွေ အထပ်ထပ်တင်ခိုင်းတာက အရင်တုန်းကခေတ်က ပြန်ရောက်သွားမှာပေါ့။ ဘာဖန်တီးမှုမှမရှိတော့ဘူး။ သီချင်းတွေ ဂီတဖန်တီးမှုတွေ Music Video အကုန်လုံးက ချစ်ကြိုက်ကွဲညားတွေပဲ ဖြစ်ကုန်မှာပေါ့။ အရင်တုန်းက ‌ခေတ်ကိုပဲပြန်သွားကြတဲ့ပုံစံကြီးပေါ့” လို့ လည်း မှတ်ချက်ပြုပါတယ်။

ပြည်တွင်းမှာ တေးသီချင်းတွေ သီဆိုရတဲ့နေရာမှာလည်း နိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ် ထိုးရပြီး အခုလို အနုပညာကိုပိတ်ပင်တားဆီးတာက ဝါဒဖြန့်မီဒီယာတွေ အားကောင်းလာဖို့ ဖန်တီးနေတာလို့ ပြည်တွင်းက တေးရေး တေးဆို လူငယ်အဆိုတော်တဦးက ပြောပါတယ်၊

“ကျနော်တို့ အရင်နှစ်တွေကတည်းက ဘားတို့ ကလပ်တို့မှာ သီချင်းသီဆိုမယ်ဆိုရင် လက်မှတ်ထိုး ရတာမျိုးရှိတယ်။ နိုင်ငံရေးမသက်ဆိုင်တဲ့ဟာမျိုးတွေ၊ ဘာသီချင်းတွေဆိုရမယ် ဆိုတာမျိုးပေါ့။ နောက်ပိုင်း တချို့ကတော့ မထိုးရတာလည်းရှိပါတယ်။ အခုလို လုပ်နေတာသူတို့အတွက် ခေတ်နောက်ပြန်သွားနေတယ်လို့ မြင်တယ်။ အနုပညာဆိုတာ အရှိအတိုင်းပဲ ချပြရတဲ့အရာလို့ ကျနော်မြင်တယ်။ အခုလို လုပ်နေတာ သူတို့အတွက် ရပေါက်တွေ ဖန်တီးနေတာလို့ပဲမြင်တယ်။ အရင်ကလိုပဲ ဝါဒဖြန့်မီဒီယာတွေပဲ အင်အားပြန်ကောင်းလာဖို့ လုပ်နေတယ်လို့လည်း ထင်ပါတယ်” လို့ပြောပါတယ်၊

ဂီတာပညာရှင် နိုင်ဇော်ကတော့ ဆင်ဆာကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေဖို့ ဆိုတဲ့ အိတ်ဖွင့်ပေးစာမှာ ထုတ်ဝေဖြန့်ဖြူးမှုလိုင်စင်နဲ့ ဆင်ဆာကိစ္စတွေကို အသေးစိတ်ထောက်ပြ ပြောဆိုထားပါတယ်၊ ခေတ်မမီတော့တဲ့ စနစ်ဟောင်းထဲ ပြန်သွင်းနေတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထုတ်ပြန်ကြေညာချက်အတိုင်းမလိုက်နာဘဲ ရိုက်ကူးထုတ်လွှင့်မယ်ဆိုရင် ဆင်ဆာမူဝါဒတွေကို မလိုက်နာတဲ့ အတွက် Music Video ဖန်တီးသူ ဒါရိုက်တာ အပါအဝင် သရုပ်ဆောင်တွေ၊ ထုတ်လွှင့်ပြသသူတွေ အားလုံးကိုပါ တည်ဆဲဥပဒေအတိုင်း အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်၊

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013