Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်မှုထမ်းစာရင်းကောက်နေသည့် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
April 4, 2024
be 442024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေတဲ့ အမျိုးသားတဦး ဧပြီ ၃ ရက်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အကူအဖြစ် လုပ်‌ကိုင်နေတဲ့ ကိုကျော်ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲလောက်က တောင်စွန်းကျေးရွာ ဦးစန်းမောင် ဆီဆိုင်ရှေ့မှာ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကိုကျော်ကျော်ဟာ တောင်စွန်းအုပ်ချုပ်ရေးမှူးအကူ ဖြစ်ပေမဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေတဲ့နေရာမှာ အုပ်ချုပ်ရေးမှူးထက် အရေးပါပြီး စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအကျပ် စာရင်းကောက်ခံနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စကစရဲ့ စစ်မှုထမ်းဥပဒေကို တောင်စွန်းနယ်တဝိုက်မှာ အဓိက အကောင်အထည်ဖော်တဲ့သူလည်း ဖြစ်တယ်။ လက်ရှိမှာလည်း စစ်မှုထမ်းဖို့ လူငယ်စာရင်းတွေကို ကိုယ်တိုင် တက်တက်ကြွကြွနဲ့ လိုက်လံစုဆောင်းနေလို့ ပစ်ခတ်ရှင်းလင်းတာပါ။”

ကိုကျော်ကျော်ဟာ အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး စစ်မှုထမ်းဖို့ လိုက်စည်းရုံးနေတဲ့အပြင် မကျေနပ်တဲ့သူတွေကိုလည်း စစ်မှုထမ်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူက သူမကြိုက်တဲ့သူတွေ မကျေနပ်တဲ့သူ‌တွေဆို စစ်မှုထမ်းဖို့ စာရင်းထဲထည့်တာ။ စစ်မှုထမ်းဖို့ စာရင်းတွေလည်း တောင်စွန်းတကြောလုံး သူပဲကောက်တာ။ PDF တွေ သတ်သွားတယ်လို့ ပြောတယ်။ ရဲတွေက ခဏပဲလာစစ်တာ၊ ခုတော့ အစစ်အဆေးမရှိဘူး။”

စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတဲ့သူတွေ အနေနဲ့ စစ်ကောင်စီအလိုကျ လိုက်မလုပ်ဘဲ စစ်ကောင်စီ လက်အောက်ကနေ အမြန်ဆုံး နုတ်ထွက်ဖို့ KRF က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပေးနေတဲ့သူတွေကို ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ကျိုက်ထိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ပြီးတဲ့ ၁၀ ရက်ကျော်အတွင်း ကျိုက်ထိုမြို့နယ်မှာ ပစ်ခတ်မှုလေးခုနဲ့ ဘီးလင်းမြို့နယ်မှ တခုဖြစ်ခဲ့ပြီး အမျိုးသားလေးဦးနဲ့ ဘုန်းကြီးတပါး သေဆုံးခဲ့သလို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013