ချဲလ်ဆီးအသင်းဟာ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ပါးလ်မာကို လုပ်ခလစာတိုးမြှင့်ပေးဖို့ စီစဉ်နေပါတယ်။
အင်္ဂလန်တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီ အစပိုင်းက မန်စီးတီးကနေ ကနဦး ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။
ချဲလ်ဆီးနဲ့ပွဲဦးထွက်ရာသီမှာပဲ စုစုပေါင်း ၃၅ ပွဲကစားအပြီးမှာ ၁၆ ဂိုးသွင်းပြီး ၁၂ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။
ပါးလ်မာဟာ ချဲလ်ဆီးအသင်းမှာ တပတ်လုပ်ခ ပေါင် ၈၀၀၀၀ သာရရှိတယ်လို့ တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ချဲလ်ဆီးဘက်က လုပ်ခတိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
အသင်းနည်းပြ ပိုချက်တီနိုကတော့ ပါးလ်မာခြေစွမ်းပြနေတာကြောင့် အသင်းဘက်က လုပ်ခလစာတိုးမြှင့်ပြီး ဆုချပေးမယ်ဆိုရင်လည်း အဆင်ပြေသလို လုပ်ဆောင်နိုင်ကြောင်း ပြောထားပါတယ်။
အသက် ၂၁ နှစ်ရှိ ပါးလ်မာကို ချဲလ်ဆီးအသင်းက ၇ နှစ် သက်တမ်းရှိစာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Photo-Reuters