Home
နိုင်ငံတကာ
ထိုင်း ဒုရဲချုပ် ငွေကြေးခဝါချမှုဖြင့် ဖမ်းဝရမ်းထုတ်ခံရ 
DVB
·
April 3, 2024
Thai171206_03042024

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး စူရချေ့ဟတ်ဖန်း ခေါ် Big Joke ကို အွန်လိုင်း လောင်းကစားမှု၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ရာဇဝတ်မှုဆိုင်ရာတရားရုံးက ဧပြီ  ၂ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က သူ့ရဲ့တပည့် ရဲအရာရှိ ငါးဦးမှာ BNK MASTER အွန်လိုင်းလောင်းကစားဂိုဏ်းထံမှ ငွေကြေးတွေ လက်ခံရယူခဲ့ကြောင်း တိုင်ကြားခံရပြီး သက်ဆိုင်ရာက အရေးယူစစ်ဆေးနေပါတယ်။ 

သူ့အိမ်ကိုလည်း အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ အင်အားသုံးပြီး သွားရောက်စစ်ဆေးရှာဖွေခဲ့သလို စွဲချက်သိရှိကြောင်း ဘန်ကောက် ဘန်နားနယ်မြေရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ထံ သတင်းပို့ဖို့ သုံးကြိမ်တိုင် စာပို့ခဲ့ပါတယ်။ 

ဒါပေမဲ့ သူက သွားရောက်သတင်းပို့ဖို့ ပျက်ကွက်ခဲ့တာကြောင့် ထိုင်းရာဇဝတ်မှုတရားရုံးက  ဧပြီ ၂ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တာပါ။ 

ဒီတခါတော့  Big Joke ဟာ သူကိုယ်တိုင်ပဲ ဘန်ဆီးနယ်မြေ တောင်ပွန်းရဲစခန်းမှာ မနေ့ ညနေ ၅ နာရီခွဲက သွားရောက်အဖမ်းခံခဲ့ပါတယ်။ 

အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က သူ့ကို ည ၈ နာရီထိ စစ်ဆေးမေးမြန်းခဲ့ပြီး ဘတ်ငွေ ၁ သိန်း အာမခံနဲ့  အပြင်ကနေ အမှုရင်ဆိုင်ဖို့ ပြန်လွှတ်လာခဲ့ပါတယ်။ 

Big Joke က သူ့အနေနဲ့ ဒီကိစ္စပေါ်မှာ  စိုးရိမ်ကြောင့်ကြမှုမရှိကြောင်း၊ သူဟာ စွပ်စွဲခံထားရသူသာ ဖြစ်တယ်၊ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း သူဟာ အပြစ်ကင်းစင်သူ ဖြစ်တယ်၊ တရားမျှတမှုအတွက် ဆက်လက်ပြီး တရားရင်ဆိုင်သွားမယ်လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

သူဟာ လာမယ့် ထိုင်းအမျိုးသားရဲချုပ်ကြီး ရာထူးမှာ ခန့်ထားဖို့  လျာထားခံရသူစာရင်းထဲ ပါတာကြောင့် မလိုတမာ ခြေထိုးမှုရခံတာလား ဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ မဖြေခဲ့ပါဘူး။ 

ဒီမတိုင်ခင်က လက်ရှိရဲချုပ်ကြီး သော်ဆဒ်ဝိမွန်း (Big Taw)  နဲ့  ဒုရဲချုပ်ကြီး Big Joke တို့နှစ်ဦးဟာ အွန်လိုင်းလောင်းကစားမှု ကိုင်တွယ်ဖြေရှင်းတာ၊ တာဝန်ဝတ္တရား ထမ်းဆောင်တာတွေနဲ့  ပတ်သက်ပြီး ပြဿနာဖြစ်နေတာကို ဌာနထဲမှာ မဖြေရှင်းဘဲ အပြန်အလှန် သတင်းစာရှင်းခဲ့ကြပါတယ်။  

Big Joke ရဲ့ရှေ့နေကလည်း Big Taw အနေနဲ့ Big Joke ကို ဆက်ပြီးစွပ်စွဲနေမယ် အရေးယူမယ်ဆိုရင် သူတို့ဘက်ကလည်း အခြားအဆင့်မြင့် အရာရှိတွေရဲ့ အကျင့်ပျက်မှုတွေကို ချပြမယ်၊ အဲဒီလိုဖွင့်ချလိုက်ရင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့တခုလုံး ဖွဲ့စည်းပုံပြောင်းရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်မှာ ရှေ့နေက သတင်းစာ မရှင်းလင်းခင် ထိုင်းဝန်ကြီးချုပ်မှ ရဲချုပ်ကြီး ၂ ဦးလုံးကို ခေါ်ယူဆွေး‌နွေးခဲ့ပါတယ်၊ အဲဒီနောက် နှစ်ဦးသား ကျေအေးပြီး ဖက်လှဲတကင်း လုပ်ပုံတွေ သတင်းတက်လာပါတယ်၊ ညနေပိုင်းမှာတော့ ဝန်ကြီးချူပ်က သူတို့နှစ်ဦးလုံးကို ရဲဌာနချုပ်မှ ဝန်ကြီးချုပ်ရုံးကို ရွှေ့ပြောင်းလိုက်ပြီး အခြားဒုရဲချုပ်တွေကို အစားထိုး တာဝန်ယူစေခဲ့ပါတယ်။ 

အဲဒီနောက် ပြည်သူ့ဘက်တော်သားဖောင်ဒေးရှင်းမှ နိုင်းဆစ်ထရာ ပြည့်ဘန်ကစ် ခေါ် ရှေ့နေ သမ့် ဆိုသူက ရဲချုပ်ကြီး Big Taw ရဲ့ ဇနီးနဲ့ တပည့်တွေဟာလည်း အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်နေကြောင်း၊ ဘတ်သန်းနဲ့ချီပြီး ငွေကြေးလက်ခံရယူခဲ့တဲ့ သက်သေတွေနဲ့ သတင်းစာရှင်းခဲ့ပါတယ်။ Big Taw ကလည်း ရှေ့နေ သမ့် ကို မဟုတ်မမှန် သတင်းစာရှင်းလင်းမှု၊ အသ‌ရေဖျက်မှုနဲ့ တရားစွဲထားပါတယ်။

ရဲချုပ်ကြီး နှစ်ယောက်လုံး ခုလို စွပ်စွဲခံနေရတာဟာ လာဘ်စားမှုနဲ့ မကင်းခဲ့တာကြောင့်လို့  ထိုင်းလူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။ 

Source: Thairath/ Workpoint Today

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013