Home
နိုင်ငံတကာ
ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရ
DVB
·
April 3, 2024
TaiwanEarthquake_03042024

ထိုင်ဝမ်ကျွန်းမှာ ဧပြီ ၃ ရက်က ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် လက်ရှိအချိန်ထိ လူခုနှစ်ဦး သေဆုံးကာ လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ဥမင်လိုဏ်ခေါင်းတွေနဲ့ ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ လူ ၇၇ ဦး ပိတ်မိနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်ဝမ်အစိုးရဟာ ငလျင်ဘေးဒဏ်ကို တုံ့ပြန်ဖို့ ညှိနှိုင်းဆောင်ရွက်နေကြောင်း သမ္မတ ဆိုင်အင်းဝမ်က ဗဟို အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေး စင်တာမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားတပ်မတော်ကလည်း ပံ့ပိုးပေးမှာဖြစ်ပြီး ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရတွေက သဘာဝဘေးဒဏ်ကို လျှော့ချဖို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ သမ္မတ ဆိုင်က ပြောပါတယ်။

သမ္မတ ဆိုင်က ဌာနအသီးသီးအနေနဲ့ အခြေအနေအရပ်ရပ်ကို ဆက်လက်အာရုံစိုက်ပြီး အရေးပေါ်အခြေအနေ အမျိုးမျိုးကို အချိန်မရွေး စတင်လုပ်ဆောင်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘေးကင်းရေးကို ကာကွယ်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အခုလို ငလျင်တွေ မကြာခဏ လှုပ်ခတ်နေတဲ့အချိန်မှာ အစိုးရအနေနဲ့ သတင်းအချက်အလက် တိကျသေချာစေဖို့နဲ့ လိုအပ်နေတဲ့ ပြည်သူတွေကို အချိန်မီ အကူအညီပေးဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပြီး ဒါမှသာ လူအများ စိတ်အေးချမ်းသာပြီး စိတ်လုံခြုံမှုကို ခံစားနိုင်မယ်လို့လည်း ဆိုပါတယ်။

လက်တွဲလုပ်ဆောင်ဖို့လည်း အဆင်သင့်ပါပဲလို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပြောသွားပါတယ်။

ထိုင်ဝမ်ကျွန်းမှာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၈ မိနစ်က ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမှ ၁၅ ဒသမ ၅ ကီလိုမီတာအနက်မှာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ထိုင်ဝမ်ရဲ့ ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013