Home
မြန်မာသတင်း
မူဆယ်တွင် အွန်လိုင်းငွေလိမ်သူ ၈၀၀ ကျော် ဖမ်းမိပြီး တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို လွှဲပြောင်းပေး
DVB
·
April 3, 2024
ChineseJiaPiyant_03042024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ ကျားဖြန့် အွန်လိုင်းငွေလိမ် ကျူးလွန်မှု သံသယရှိသူ အယောက် ၈၀၀ ကျော်ကို တရုတ်နဲ့ မြန်မာရဲတွေ ပူးပေါင်းဖမ်းဆီးရမိထားပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို မတ်လကုန်ပိုင်းက တရုတ်ဘက် လွှဲပြောင်းပို့ပေးခဲ့ကြောင်း ဧပြီ ၁ ရက်နေ့ တရုတ်နိုင်ငံ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

မူဆယ်နယ်စပ်က အွန်လိုင်း‌ငွေလိမ်လည်မှုမှာ လျှို့ဝှက် ငွေကြေးထောက်ပံ့‌ပေးနေတဲ့ ခေါင်းဆောင် ၂၁ ဦးနဲ့ အွန်လိုင်းငွေလိမ်မှုမှာ ဆက်စပ်ပတ်သက်တယ်လို့ သံသယရှိသူ ၅၁ ဦး အပါအဝင် အွန်လိုင်းငွေလိမ်ကျူးလွန်မှု သံသယရှိသူ အယောက် ၈၀၇ ဦးကို မကြာသေးမီ ရက်ပိုင်းက တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အွန်လိုင်းငွေလိမ်ကျူးလွန်မှု သံသယရှိသူ အယောက် ၈၀၇ ဦးထဲမှာ တရုတ်နိုင်ငံသား ၃၅၂ ဦး ပါဝင်ပြီး အဲဒီ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပို့ဆောင်ထားပြီး ကျန်တဲ့ ၄၀၀ ကျော်က မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်သံသယရှိသူတွေအပြင် လိမ်လည်မှုမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ လိမ်လည်မှု script တွေနဲ့ တခြား ဆက်စပ်ကိရိယာ သက်သေပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

ငွေလိမ်ကုမ္ပဏီမှာ ထမင်းချက်တဲ့ အမျိုးသမီးတဦးက “ငွေလိမ်ကုမ္ပဏီတွေ ခုတလော တအားဖမ်းလို့ ခဏပိတ်ထားတယ်။ တလလောက်နားပြီး ပြန်ဖွင့်မယ်လို့ ပြောတယ်။ အခုတော့ တခြားနေရာ အခန်းငှားပြီး ရှောင်နေရတယ်။ သူတို့ ပြန်ဖွင့်ရင် အလုပ်ပြန်ဝင်ဖို့ စောင့်နေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဖမ်းဆီးရမိထားတဲ့ အွန်လိုင်းငွေလိမ်လည် ကျူးလွန် သံသယရှိသူ‌ တရုတ်နိုင်ငံသား ၃၅၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄၈၆ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသားတွေကို မတ် ၂၉ ရက်က အယောက် ၃၀၀၊ မတ် ၃၀ ရက်က အယောက် ၃၀၊ မတ် ၃၁ ရက်က ၂၂ ဦး မူဆယ်၊ မန့်ဝိန်း-ဂျယ်ဂေါင် နယ်စပ်ဂိတ်ကနေ တရုတ်ဘက် လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက်က အွန်လိုင်းငွေလိမ်သူဌေးတွေနဲ့ ခလရ-၂၉၀ တပ်ရင်းမှူး ဗိုလ်မှူး ရွှေမောင် တို့ကို ရွှေလီမှာ ဖမ်းမိရာက ခလရ-၂၉၀ တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကိုတော့ တပ်မ ၉၉ တပ်မမှူးက အာမခံလို့ ပြန်လွှတ်ပေမဲ့ ကျားဖြန့်တွေ မူဆယ်ထဲမှာ ရှိနေသေးတယ် ဆိုပြီးတော့ တရုတ်ရဲက ဖိအားပေးပြီး Location ပါ တိတိကျကျ တရုတ်ထောက်လှမ်းရေးက ပေးပြီး ဖမ်းဆီးခိုင်းတော့ မဖြစ်မနေ ဖမ်းရဝောာ့တာလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ဘက် လွှဲပြောင်းပို့ဆောင်ထားတဲ့ ‌အွန်လိုင်း‌ငွေလိမ်လည်မှု ကျူးလွန် သံသယရှိသူ တရုတ်နိုင်ငံသားတွေကိုတော့ အန်းဟွေ့နဲ့ ဂျန်းဆူး ပြည်‌နယ်တွေအပြင် တခြားနေရာတွေမှာပါ စစ်ဆေးမှု ပြုလုပ်နေတယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ တရုတ်-မြန်မာ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှစ်နိုင်ငံ ပူးပေါင်းဖြိုခွင်းနေပြီး အွန်လိုင်းငွေလိမ် ကျူးလွန် သံသယရှိသူ တရုတ်နိုင်ငံသား ၄၈,၀၀၀ ကို လွှဲပြောင်းပေးခဲ့ကာ လက်ရှိ မူဆယ်နယ်စပ်မှာ‌တော့ အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013