ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နေအိမ်အားလုံးနီးပါး ပျက်စီးခဲ့ပြီး နေ့စဉ်ဆိုသလို မီးလောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီး ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ Special Operation Group-SOG၊ SPECIAL OPERATION FORCE-SOF၊ နဂါးဖြူ၊ ရန်ကုန် ၅၁၀၁၊ Spring Phoenix Force နဲ့ ဒရုန်းတပ်ဖွဲ့တွေ တိုက်ပွဲဖော်ဆောင်နေတာ လေးလကျော်ကာလအတွင်း ၇၀ ရာခိုင်နှုန်းကျော်ကို သိမ်းဆည်းထားနိုင်တယ်လို့ ဆိုပါတယ်။
ဒေါနစစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ သူတို့ဘက်က ကျဆုံးတာလည်း ရှိတယ်။ ကျနော်တို့ဘက်က ကျဆုံးတာတွေလည်း ရှိတယ်။ မြို့ထဲအထိ ဝင်တိုက်နိုင်တဲ့အဆင့်ထိ ရောက်နေပြီ။ မြို့လယ်မှာရှိတဲ့ ၉၇ တပ်ရင်းပဲ ကျန်တော့တာ” လို့ DVB ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်းဌာနချုပ် အမှတ် ၉၇၊ သင်္ကန်းညီနောင် ခမရ ၃၅၅ နဲ့ လှိုင်ဝ လက်နက်ကြီးကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လေကြောင်း၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် နေအိမ်အဆောက်အဦ၊ သာသနိက အဆောက်အအုံတွေနဲ့ ပရဟိတအသင်းတွေအားလုံး ပျက်စီးခဲ့ပါတယ်။
Photo - Myo Naing