Home
မြန်မာသတင်း
ဆီဆိုင်မြို့တွင်း တိုက်ပွဲများပြင်းထန်နေ၊ ပြည်သူများ မြို့ထဲပြန်မဝင်ကြရန် သတိပေး
DVB
·
April 3, 2024
SeSye-Fighting_26012024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့ လက်နက်ကြီးတွေ ရှိနေတာကြောင့်  ပြည်သူတွေ မြို့ထဲကို ပြန်မဝင်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောပါတယ်။ 

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေမဟုတ်မှန်ဘဲ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြို့ထဲကို ဝင်လာနိုင်ပေမဲ့ မြို့တဝက်မှာတော့ တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲပဲလို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DVB ကို ပြောပါတယ်။

စစ်ကောင်စီက ဝါဒဖြန့်ရာမှာတော့ မတ်လကုန်ပိုင်းမှာ ဆီဆိုင်မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးတွေလုပ်နေတယ်လို့ ဆိုထားပေမဲ့ လက်ရှိမှာ ဆီဆိုင်ဟာ မြို့တွင်းတိုက်ပွဲတွေနဲ့ စစ်ဇုန်ဖြစ်နေဆဲ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နေအိမ်တွေကို ပြန်လည်ဝင်လာတဲ့ ဒေသခံ နှစ်ဦးထက်မနည်း မိုင်းနင်းမိထားတယ်လို့ သိရကြောင်းလည်း ခွန်ရိန်းယံက  ပြောပါတယ်။

“အဓိက က တင့်ကားတွေ လက်နက်ကြီးတွေ လေယာဉ်တွေ အဆမတန်သုံးပြီး ထိုးစစ်ဆင်လာတဲ့အခါမှာ မြို့ထဲမှာတော့ သူတို့ဝင်နိုင်တဲ့ အနေအထားတော့ ရှိတာပေါ့။ မြို့မြောက်ဘက်ခြမ်း မြို့တဝက်မှာတော့ နှစ်ဖက်ရင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ မြို့ကို အလုံးစုံသိမ်းနိုင်တာမဟုတ်ဘူး။ သူတို့က ဝါဒဖြန့်ပြီး ပြည်သူတွေကို ပြန်လို့ရပြီလို့ဆိုတဲ့အခါမှာ ပြည်သူတွေဝင်ကြတာမျိုးရှိတယ်။ နေလို့မရမှန်းသိတော့ အိမ်တွေဝင်ကြည့်၊ ပစ္စည်းတွေသယ်ပြီး ပြန်ထွက်သွားကြတာပေါ့။ စစ်ကောင်စီ ထောင်ထားတဲ့မိုင်းတွေလည်း မကွဲသေးတာရှိတော့ အန္တရာယ်အများကြီးရှိနိုင်ပါတယ်။”

ဆီဆိုင်မြို့ထဲကို ဝင်ဖို့ကြိုးစားတဲ့ ဒေသခံတွေ ၂၀ ထက်မနည်း အဆက်အသွယ်ပြတ်နေတယ်လို့လည်း ပအိုဝ်းလူငယ်အစည်းအရုံးဆီက သိရပါတယ်။

ရှမ်းတောင်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေအိမ်တွေကနေ ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့တော့ ဆီဆိုင်မြို့ပေါ် နဲ့ အနီးတဝိုက်မှာ နေရပ်ပြန်လို့မရသေးဘဲ ဆီဆိုင်မြို့နဲ့ အလှမ်းဝေးတဲ့ ဧရိယာတွေက ဒေသခံတွေကတော့ နေရပ်မှာပြန်နေထိုင်ကြပြီလို့ ပအိုဝ်း လူငယ်အစည်းအရုံးတာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

“အခုလောလောဆယ် စစ်ဘေးရှောင်ပြည်သူတွေက ဆီဆိုင်မြိူ့ပေါ်နဲ့ အနီးတဝိုက်ဒေသခံတွေက မပြန်လာကြသေးဘူး။ သူတို့ နေအိမ်ပြန်ကြည့်တာ လုပ်ကြတယ်။ မြေပြင်တိုက်ပွဲသာမရှိတာ အခြေအနေတွေက ရှုပ်ထွေးနေတယ်၊ ဝင်ဖို့ထွက်ဖို့လည်း ခက်ခဲနေသေးတယ်။ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်တာမရှိတဲ့ ခပ်လှမ်းလှမ်းဧရိယာတွေက ပြည်သူတွေ တော်တော်များများတော့ အိမ်ပြန်ရောက်ကြပြီလို့ ပြောလို့ရပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂၁ ရက်က  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ရဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။

ပအိုဝ်း လူငယ်အစည်းအရုံးရဲ့ အချက်အလက်တွေအရတော့ ဇန်နဝါရီ ၂၁ ရက်ကနေ မတ်လ ကုန်အထိ ရှမ်းတောင်ဒေသမှာ စစ်ဘေးရှောင်ပြည်သူ ခြောက်သောင်းခွဲ နီးပါး ရှိနေပြီး အပြစ်မဲ့ ပြည်သူ ၅၅ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သီဟ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024