ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ရေကန်ကုန်းကာကင်းစခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်ကြီးအပါအဝင် သုံးဦးသေပြီး ငါးဦးဒဏ်ရာရကာ သုံးဦးလက်ချအညံ့ခံခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ဒီဗွီဘီကို ပြောပါတယ်။
မတ် ၃၁ ရက်က လေးကေ့ကော်မြို့သစ်အနီးက ရေကန်ကုန်းကာကင်း စခန်းကို KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီစခန်းဟာ လေးကေ့ ကော်မြို့သစ်ကို ထိမ်းချုပ်ထားဖို့နဲ့ စစ်တပ်ရဲ့ စွယ်တော်ဗျူဟာနဲ့ အမြောက်ကုန်းစခန်းမကျရေးအတွက် အရေးပါတဲ့ ကာကင်းစခန်းဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် သုံးဦးသေပြီး ငါးဦဂဒဏ်ရာရကာ သုံးဦး လက်ချအညံ့ခံခဲ့ပြီး KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းဘက်က ထိခိုက်သူမရှိဘူးလို့ ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်ပြည်သူတဦးက “အရပ်သားတွေ တယောက်မှ မရှိတော့ဘူး ထွက်ကုန်ပြီ။ စစ်ကောင်စီတွေလည်း မရှိတော့ဘူး။ BGF တွေက အကုန်လုံးပေးသွားလိုက်တယ်။ စစ်ကောင်စီတပ်ကတော့ စွယ်တော်မှာ ရှိနေသေးတယ်။ တော်လှန်ရေးအဖွဲ့တွေဝင်မယ်ဆိုတာနဲ့ ကျမတို့အကုန်လုံးကို ပေးထွက်လိုက်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းလက်ပံ၊ မယ်ဝါးခီး၊ ပဟိကလော်၊ မယ်ထော်သလေး၊ အင်းကြင်မြိုင်၊ ဖလူး၊ ရသေ့ဂူစတဲ့ ကျေးရွာက အိမ်ခြေ ၅၀၀ ကျော် ထောင်နဲ့ချီတဲ့ ဒေသခံ တွေဟာ သောင်ရင်းမြစ်ကမ်းဘေးမှာ စစ်ရှောင်ခိုလှုံနေရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခံနေရပါတယ်။ စစ်ကောင်စီရဲ့ ကျန်ရှိနေတဲ့တပ်စခန်းတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီက ဒေသခံတွေက အကြမ်းဖက်စစ်တပ်တွေရှိတယ်ဆိုတော့ ဘယ်တော့ တိုက်ပွဲတွေ ပြန်ဖြစ်မလဲဆိုပြီး စိုးရိမ်ကြောက်ကြတယ်။ တိုက်ပွဲတွေဖြစ်တိုင်း သိတဲ့အတိုင်း သူတို့(စစ်တပ်)က လူစိတ်မရှိဘဲ ထင်ရာလက်နက်ကြီးတွေနဲ့ လှမ်းပစ်ဆိုတော့ အယောက်တိုင်း စိုးရိမ်စရာရှိတယ်။”
တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို KNLA PDF ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့ ဝိုင်းရံထားတာကြောင့် လေးကေကော်အနီးက စွယ်တော်အမြှောက်ကုန်း၊ သင်္ဃန်းညီနောင်ဗျူဟာကုန်းနဲ့ ဝေါလဒေသ ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောင်ခန့်