မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှာနေထိုင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူ ပျူစောထီးခေါင်းဆောင် တိုင်းမြို့ ဆိုသူဟာ ဧပြီ ၂ ရက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေါင်းစစ်သည် ပြောက်ကျားတပ်မှ တာဝန်ခံ ဒေါင်းသွေးနီက “ကျနော်တို့ ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်၊ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နဲ့ Ye- nanthar Youth Force (ရေနံချောင်း) အဖွဲ့တို့ စုပေါင်းဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ ထူးခြားတာက အမျိုးသမီး တော်လှန်ရေးရဲဘော်အချို့လည်း အခုမစ်ရှင်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတယ်ဗျ။ ရဲဘော်တွေရဲ့ လုံခြုံရေးအတွက် သတင်းကို ဒီနေ့မှ ထုတ်ပြန်တာပါ” လို့ DVB ကို ပြောပါတယ်။
ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီ ၄၅ လောက်မှာ ပျူစောထီးခေါင်းဆောင် တိုင်းမြို့ ဇယ်တောက်နေစဥ် တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့ရာ ကျည်ဆန် ၃ ချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ မစ်ရှင်ကို ဆောင်ရွက်ရာမှာ ပါဝင်သူ တော်လှန်ရေးရဲဘော်တဦးက “ဒီကောင်က အာဏာသိမ်းပြီးကတည်းက ရဲ(--)တွေနဲ့ ပေါင်းသင်းနေပြီးတော့ ပြည်သူတွေဆီကနေ ဆက်ကြေးတောင်းတယ်၊ မူးတယ်၊ မူးလာရင် ရဟန်းသံဃာတွေကိုလည်း ဆဲဆိုရမ်းကားတယ်ဗျာ။ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်သားသစ် ၂၈ ယောက် စုဆောင်းပြီး စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေတာမို့လို့ အခုလို ဆောင်ရွက်လိုက်တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။