Home
နိုင်ငံတကာ
တူရကီတွင် နိုက်ကလပ်မီးလောင်ပြီး ၂၉ ဦးထက်မနည်း သေဆုံး
DVB
·
April 3, 2024
Daytime fire at nightclub, in Istanbul

တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်မြို့လယ်ရှိ နိုက်ကလပ်တခုမှာ နေ့ခင်းဘက် ပြုပြင်မွမ်းမံရေး လုပ်နေချိန် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ဧပြီ ၂ ရက်မှာ ပြောပါတယ်။

ဥရောပဘက်ခြမ်းရှိ ဘတ်ဆစ်တာ့ခရိုင် ဂိုင်ရေ့တက်ပဲ ရပ်ကွက်ရှိ ၁၆ ထပ် အဆောက်အအုံ မြေအောက်ထပ်ရှိ နိုက်ကလပ်ကို ပြုပြင်မွမ်းမံရေးလုပ်နေတုန်း မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

အဲဒီတုန်းက အလုပ်သမား ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်းတွေ အများအပြား စုပုံထားတယ်လို့ ဆိုပါတယ်။

အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခ်ရမ် အီမာမိုဂလူ ကတော့ ဒီနေရာကို ပြုပြင်ဖို့ သို့မဟုတ် ဆောက်လုပ်ဖို့ ဒေသန္တရ စည်ပင်သာယာရေးဌာနကို မလျှောက်ထားကြောင်းနဲ့ ဒီမှာလည်း မြေညီထပ်ရဲ့ အောက်ဘက်က နှစ်ထပ်မှာ ရှိနေတာကြောင့် ပြုပြင်ရေး လုပ်နေတာကိုလည်း မမြင်ရဘူးလို့ ပြောပါတယ်။

မီးလောင်မှုမှာ နာရီပေါင်းများစွာ တောက်လောင်ခဲ့ပြီး အဆောက်အအုံက မီးခိုးတွေ ထူထူထပ်ထပ် ထွက်လာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဒေသစံတော်ချိန် နေ့ခင်း ၁၂ နာရီနဲ့ ၁ နာရီလောက်မှာ ပေါက်ကွဲသံကြားလိုက်ရပြီး အောက်ဆီဂျင်ကန်တွေ ပေါက်ကွဲတယ်လို့ပြောတာ ကြားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

နိုက်ကလပ်ရဲ့ ဝင်ပေါက်က ကျဉ်းမြောင်းတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။

မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူတဦးကို ဆေးရုံမှာ ကုသပေးနေပြီး သူ့အခြေအနေက စိုးရိမ်ရကြောင်းလည်း ဆိုပါတယ်။

မီးငြှိမ်းသတ်တာနဲ့ သက်ဆိုင်ရာလုပ်ငန်းတွေ ပြီးဆုံးသွားပေမဲ့ ကယ်ဆယ်ရေးသမားတွေဟာ အဲဒီနေရာမှာ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

အစိုးရရှေ့နေ သုံးဦးက မီးလောင်မှုကို စုံစမ်းစစ်ဆေးနေပြီး အလုပ်ခွင်မန်နေဂျာ လေးဦးနဲ့ ပြုပြင်မွမ်းမံရေး ကြီးကြပ်ရေးမှူး အပါအဝင် သံသယရှိသူ ငါးဦးအတွက် ဖမ်းဝရမ်း ထုတ်ထားကြောင်း တရားရေးဝန်ကြီး ယီလ်မာ့ဇ် တွန့်ချ်က ကြေညာထားပါတယ်။

Source/Photo-REUTERS/Murad Sezer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013