Home
မြန်မာသတင်း
ဖျာပုံမြို့နယ်၌ စစ်မှုထမ်းခိုင်းမည့် အမျိုးသား ၅၀ ကို ဆေးစစ်ရန် ခေါ်သွား
DVB
·
April 3, 2024
phyar 342024

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ကနေ စစ်မှုထမ်းဖို့အတွက် စာရင်းပါသူ အမျိုးသား အယောက် ၅၀ ထက်မနည်းကို ဆေးစစ်ဖို့ဆိုပြီး ပုသိမ်မြို့ကို ခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့နယ်မှာ မတ် ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ရပ်ကွက်နဲ့ ကျေးရွာတရွာကို အမျိုးသား နှစ်ယောက်နှုန်း မဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပြီး အရွေးခံရတဲ့ အမျိုးသား အယောက် ၅၀ ထက်မနည်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မတ် ၃၀ နဲ့ ၃၁  ရက်တွေမှာ ပုသိမ်မြို့ကိုကားနဲ့ ခေါ်ဆောင်သွားတာလို့ ဖျာပုံမြို့နယ်က ဒေသခံတွေက ဆိုပါတယ်။

စစ်မှုထမ်းစာရင်းမှာပါတဲ့သူတွေနဲ့ နီးစပ်သူ တဦးက''အုပ်ကြီးတွေက ကားနဲ့ သွားပို့တာ ပုသိမ်ကို။ ပထမ တသုတ်၊ ဒုတိယ တသုတ် နှစ်သုတ်သွားပို့တာတွေ့တာပဲ။ ဆေးစစ်မယ် လိုအပ်တဲ့အချက် အလက်တွေယူဖို့တဲ့ မိသားစုတွေကတော့ စာရင်းထဲပါတဲ့ မိသားစုတွေက ငိုယိုနေတာပဲ''လို့ ပြောပါတယ်။

ဆေးစစ်ဖို့ ခေါ်သွားတာခံရသူတွေထဲမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေအများဆုံး ပါဝင်ပြီး ဖျာပုံမြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ လူငယ်တွေများတယ်လို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံတဦးက''ပုသိမ်လို့ပဲ ပြောခေါ်သွားတာ။ ဘယ်ကိုခေါ်သွားတာလဲတော့ မသိဘူး။ အခေါ်ခံရတဲ့သူတွေက ရွာတွေဘက်ကများတယ်။ သားအမိ နှစ်ယောက်ထဲရှိတဲ့ ကောင်လေးတွေ။ အဖေတခု သားတခုရှိတဲ့သူတွေပါခေါ်သွားတာ။ သူတို့ပြောတဲ့ ဥပဒေဆိုတဲ့ ဟာကြီးနဲ့ လုံးဝမညီဘူး။ ပြောဆိုတင်ပြခွင့်လည်း မရပါဘူး။ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ လုံးဝကို ပြောလို့မရတာ။ ရပ်ကျေးအဆင့်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကအစ”လို့ ပြောပါတယ်။

ခေါ်သွားသူတွေကို လက်ရှိမှာတော့ ပုသိမ်မြို့ရှိ အားကစားခန်းမမှာ ခေါ်ထားတယ်လို့သိရပြီး ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ဆေးစစ်ဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ အခေါ်ခံရတာတွေရှိနေတာကြောင့် အမျိုးသား တယောက်ပဲရှိတဲ့ နေအိမ်တွေမှာ ဒေသခံတွေရဲ့ လယ်ယာအလုပ်၊ ရေလုပ်ငန်းနဲ့ အိမ်ရှိစီးပွားရေးလုပ်ငန်းတွေ ရပ်လိုက်ရတယ်လို့ ဆိုပါတယ်။

Photo - Myo Min

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024