Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ်ရင်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
April 3, 2024
ThaninThaYiSACGate_03042024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ ဧပြီ ၂ ရက် မနက်က စစ်ကောင်စီတပ်ရင်းနဲ့ ရွာတံတားထိပ်က စစ်ဆေးရေးဂိတ်တို့ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က DVB ကို ပြောပါတယ်။

ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ စစ်‌ကောင်စီတပ်သားတွေရှိတဲ့ ညောင်ပင်ကွင်းရွာ တံတားထိပ်က စစ်ဆေးရေးဂိတ်တို့ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ကနေ တပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

စစ်ကြောင်း ၁ တာဝန်ရှိသူတဦးက “ကျနော်တို့ဘက်က ဒရုန်းတွေလည်းပါတယ်။ ၅၆၁ က လက်နက်ကြီး ရမ်းသန်းပြီး ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်မှု လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲ နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၁ ဘက်က ဒရုန်းတွေနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပြီး အသေးစိတ် အချက်အလက်ကိုတော့ အတည်ပြုဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ရှိတဲ့ဘက်ကို ပစ်ခတ်တိုက်ခိုက်တာတွေ ရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဧပြီ ၁ ရက်ကလည်း ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်စစ်ကြောင်း ၁ က ဒရုန်းတွေနဲ့ ဗုံးသီးသွားရောက်ကြဲချခဲ့သေးသလို မတ် ၃၀ နဲ့ ၃၁ ရက်တို့ကလည်း တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံလာရတဲ့ တနင်္သာရီမြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်ရင်းတွေအနီး မနေထိုင်ကြဖို့၊ အနီးကပ် မသွားလာကြဖို့ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013